Sunday, December 19, 2010

ပိုးစုန်းကြူးရဲ့ သဲ့သဲ့ရီသံ

ကြည့်လိုက်စမ်း ခရေ...
ငါတို့ ရဲ့ 
ကမ္ဘာတခြမ်းအပေါ်
ကြည်လင်တဲ့အလင်းဓါတ်တွေ
ယုယစွာ”သာ”ချပေးနေတဲ့
ပြည့်လုဆဲဆဲ”လ”မင်းကြီးရဲ့ အောက်
တဖွဲဖွဲ တလွှင့်လွှင့်
နူးနူးညံ့ညံ့ ပျော့ပျောင်းပြေးဆော့ နေတဲ့
လေပြေလေးတွေနဲ့ အတူ
ပြေးလွှားပျော်ပါးရင်း
လောကရဲ့ အလှတရားကို
တတပ် တအားဖြည့်စွက်ဆေးချယ်ဖို့ 
ဖြူလွှလွှ နှင်းဖြူလေးတွေကြွေဝဲနေပုံများ
မင်းက ငါ့ဘ၀ကိုနားလည်ပေးသလို
ငါက မင်းဘ၀ကိုစစ်သူကြီးကိုယ်ရံတော်စောင့်ကြပ်သလို
ခွင့်လွှတ်ခြင်းကြီးကြီးနဲ့ 
ငါတို့ နှစ်ယောက်မေတ္တာတွေထားခဲ့ကြသလို
ငါတို့ ဘ၀တွေ
တွဲလက်ခိုင်ခိုင်မြဲမြံတာကို တုပနေကြသလိုလို
ဘယ်လို တုလို့ ရမလဲ ခရေ ရယ်..။

အရည်ပျော် အသွင်ပြောင်း
သတ္တိမှ မကောင်းကြပဲနဲ့ 
သူတို့ အဖြစ်
ပိုးစုန်းကြူးက
”လ”ပြည့်မင်းကိုယှင်ပ
စီး(ဆီး)စေ့လေးက
ခါကဘိုရာဇီ တောင်မင်းကို
ညာ ညှိသလိုမျိုးနဲ့ 
သဲ့သဲ့လေးရီ(ရယ်)လိုက်ချင်သေးရဲ့ ။

မှတ်မိလား ခရေ
ငါတို့ တွေက
ငွေနှင်းဖွေးဖွေးညတွေရဲ့ 
ရာသီသုံးဖော်နဲ့ အတူ
နိမ့်မြင့် ကောက်ကွေး
ငိုကြွေး ပြုံးပျော်
လောကဓံတရားတွေက
ဘယ်လိုခြောက်ခြောက်
တယောက်အပေါ်တယောက်
သစ္စာမဖောက်ကြေးနဲ့ 
ဖြစ် တည် ပျက် တွေကို
နှစ်ဆယ့်သုံးနှစ်များတောင်
တွဲယှက်တူထိုင် ကြည်ခဲ့ဖူးကြပြီးပြီလေ။ ။

Sunday, December 12, 2010

အချစ်ဆုံးပေးတဲ့ အမွေမို့ ...

ဖြစ်ပျက်ရဲ့ အဆက်ဆက်
နုတ်ဆက်အသက်ကလေး
ဒီဘ၀က ထွက်ပြီးမပြေးခင်
ရင်တွင်းဖြစ်တွေ ပြောခဲ့ပါရစေ
ချစ်မိခဲ့ဖူးတဲ့ ခရေ..။

ဗေလုဝ နတ်စောင်းသံ
မကြားဖူးတာအမှန်ပါ ခရေ
ဒါပေမဲ့
ပျားရည်ကို ကျိုချက်
နှစ်တရာ စိမ်နှစ်ထားတဲ့
အချိုနက်နက်လို
မင်း စကားသံတွေကတော့
ငါ့နားစည်အမြှေးပါးတွေမှာ
ပျော့ပျောင်း မြူးတူး
ပလူးပလဲ ပနံသင့်နေပုံတွေ
စာဖွဲ့  မပြောပြတတ်ဖူး ခရေ။

ငါ ကံဆိုးခဲ့ပါတယ်
မင်းရဲ့အတွယ်တာမဲ့ 
ဥပက္ခာရင့်ရင့် အပြုံးတွေ
ငါ့ နှလုံးသွေးထဲ တိုးဝင် လည်ပတ်ကြခါမှ
ခါချဉ်ကောင် ရာထောင်မက
ကိုက်ခဲမှုနဲ့ နှိုင်းယှင်မိတော့တယ်။
ဒူးရင်းသီးဟာ
ချွန်မြတဲ့ဆူး များပေမဲ့
အတွင်းအသားချိုတယ် ခရေ
နူးညံ့တဲ့မင်းရဲ့အသားအရေအတွင်းမှာတော့
အက်စက်အဆိပ်ဆူးတွေ
ထိုးထိုးထောင်ထောင်ပြည့်နက်နေမှန်း
မင်းနဲ့ ချစ်မိတဲ့ တစ်လအကြာ
စက္ကူ ဖြူပေါ်မှာ
မင်းအမည်းတစ်စက် ကျသလို
ကွင်းကွင်းကွက်ကွက်
ထင်းထင်းရှင်းရှင်း
ငါမြင်ခွင့်ရတော့တယ် ခရေ။

ရေခဲဟာ ရေကလာပြီး
ရေပြန်ဖြစ်သွားလဲ
မင်းကိုချစ်ရခြင်းက
အချစ်ကလာပြီး
အမုန်းဆီခရီးပြင်းဆက်ရခြင်းအတွက်
ရင်နာရတယ်- ခရေ။

ရေတွက်ရန်ခက်ခဲတဲ့
မာယာတွေကို ကျကျနနထုပ်ပိုး
မေတ္တာအပုတ်အသိုး
အတွင်းသားရုပ်ဆိုးဆိုးကို
ပါးပါးလေးဆေးချယ်
ပရိယာယ်ကြွယ်တဲ့ မိန်းမလို့ 
မပြောရက်ဖူး- ခရေ။

ထုံထိုင်းမှုထူထူ
ကျောက်ဆောင်အငူတခုလို
မင်းအပေါ်သက်ဝင်မှုတွေက
ယုံကြည်ခိုင်ခံ့ခဲ့
ငါ ဘယ်သူကိုအပြစ်ဖွဲ့ ရမလဲ
ချစ်ရတဲ့ ခရေရယ်။

ဥပါဒန်နဲ့ စွဲငြိ
မင်းကို ချစ်နေဆဲအသိတော့
သေရွာအထိ
ယူသွားမိမှာပါ
ယူသွားခွင့်ပြုပါ ခရေ။

Monday, December 6, 2010

ကောက် တွယ်မိတဲ့ ကြိုး

အပင် မမြင့်ကြီးပေါ်က
အခြေနေ အရ
ဝေ့၀ိုက်
လေအပင့်နဲ့ 
ကြွေလွှင့်ဝဲပျံကျလာတဲ့
ခရေ တစ်ပွင့်
အဖြူရောင်လွင့်ပါး
ပါးပါးလေး ၀ါနေငြားလည်း
ငါက
ဒီ ခရေလေးကိုမှ
ယုယစွာ
ကောက်ယူ တွယ်တာမိခဲ့။

တဦးနဲ့ တဦး
အကြင်နာတွေ ဖြူစင်
မြူမထင်တဲ့ သံယောဇဉ်
မင်းအနမ်းတွေနဲ့ 
စုတ်ချက်ပြင်းပြင်းရေးထိုးခဲ့တဲ့
ငါ့အသည်းပြင်ပေါ်က
သေရာပါ အမှတ်အသားတွေက
စိုစွတ်နေဆဲ
စိမ်းလန်းနေဆဲပဲ။

ခုတော့ ခရေ ရယ်..
အချစ်ဆိုတာကို မင်းက
ရွဲကုန်သည် ဇာတ်ထဲကလို
ပဲဝက်မျှတောင် မတန်ချင်တော့ဘူးကိုးလေ။

ခရေ..ရယ်
တကယ်ဆို
မင်းကို ယုယဖို့ 
သမုဒယတွေ
သုံးလွန်းမက လိမ်ပတ်
ငါ့ရင်ဘတ်ထဲက
နှလုံးရေကြည် ပတ်ပတ်လည်မှ
သွေးကြောတလျှောက်
မီးပဲ ထ ထ တောက်တော့မယ့်ဟန်မျိုးနဲ့ ပေါ့။

ခုဆို.ခရေ
ဒို့ နှစ်ယောက်သွေးသားနဲ့ 
တည်ဆောက်ခဲ့ အိမ်လေး
မင်းထွက်ပြေးသွားလဲ
ငါကတော့ ရှိနေဆဲပါ ခရေ။

စွဲစွဲလန်းလန်း
ချစ်တတ်တဲ့ ကိုယ့်လိုလူ
မင်း...ငြူစူလို့ 
တပင်အသစ် ထူသွားရက်တယ်နော်။

ချစ်ခရေ
မင်းလေးကျန်းမာပါစေ။

Monday, November 29, 2010

ချစ်နေဆဲပါ မိခရေ

ပစ္စုပ္ပန်တည့်တည့်
ဖြစ်လိုက်တဲ့ ခဏကို
ရှေးဟောင်း နှောင်းမဖြစ်တဲ့
ရှေးဟောင်းနှောင်းဖြစ်အကြောင်းများ။

သူငယ်ချင်းတွေ
အကြောင်းဆုံတိုင်း
စိတ်အပူတိုက် ပြန်နွေးမိတဲ့အတိတ်
မင်းအကြောင်းတွေ တရိပ်ရိပ်နဲ့ ပေါ့။

စိတ်ကို
ခါးတောင်းမြှောင်အောင်ကြိုက်
အားသွန်ပြီး ခွန်စိုက်
ချွေးဖြိုက်ဖြိုက်နဲ့ ရယ်
်ဟိုး....အပေါ်မှာစိုက်ထား
မင်းရဲ့ 
အချစ်အောင်လံကုက္ကား
ငါ့ အချစ်စွမ်းအားတွေနဲ့ 
လက်လှမ်းမယ်ကြံတိုင်း
ဥပက္ခာနဲ့ အမုန်းချောဆီအရိုင်းတွေ
အလောင်းခံလိုက်ရ
ပြန်ပြန်ပြုတ်ကျခဲ့ရ
ဒဿမ အကြိမ်တောင်မက ခဲ့ဘူး။

မိခရေ....
မင်းကတော့
အောင်နိုင်သူ စစ်ကဲကြီးလိုမာန်ဝင့်
တဖက်လူကိုအလှဲထိုး
အောင်လံခါးထိုးပြန်တဲ့
လက်ဝှေ့ ကျော်ရဲ့ ဟန်ပန်
ချက်ကောင်းကိုအလစ်ချောင်းပစ်ခတ်
သားကောင် လတ်လတ်ဆတ်ဆတ်ရလိုက်တဲ့
မုဆိုးကျော် သောနုထ္ထိုရ် လို....
အောင်နိုင်မှုအပေါ်
ပြုံးရင်းနဲ့ ပျော်
ပျော်ရင်းနဲ့ ပြုံး
အရှုံးမရှိ
အဆုံးထိ ပိတိတွေနဲ့ ။

မိခရေ
မင်းသိပါစ
အနိမ့်အမြင့်
ဘ၀ အဖြစ်အပျက်တွေရဲ့ ကြား
မုဆိုးကလည်း သားကောင်
သားကောင်ကလည်း မုဆိုး
အဖြစ်ဆိုးကြီးမရောက်ခင်
မိခရေ..ရယ်
ညာဏ်ယှင်စဉ်းစား
မင်း မှားမှာစိုးလို့ ။ ။

Monday, November 8, 2010

”ကိုကိုအတွက်”

ကိုယ့်ကိုယ်ကို ကိုယ်ထင်နေသော-ကိုကို
ကိုကို-ကိုယ့်ကိုယ်ကို ကိုယ်မထင်ပါနဲ့ 
ကိုယ်ဟာကိုယ်မဟုတ်ဖူး ကိုကို။

ဓါတ်ကြီးလေးသွယ်
ဓါတ်ငယ်လေးပါး
တရာ့နှစ်ဆယ့်တစ် စိတ်အပြား
စုပေါင်းအားနဲ့ 
လှုပ်ရှားအရောင်ပြောင်း
ထောင်းထောင်းကြေ ရွေ့ လျှားခြင်းကို
သတ္တ၀ါ သို့ မဟုတ် လူ
လူ သို့ မဟုတ် ယောင်္ကျား
ယောင်္ကျား သို့ မဟုတ် ကိုကို
ကိုကို
ကိုကို လို့ 
အဆင်ပြေသလို ခေါ်နေကြတာပါ။

ကိုကို
ကိုကိုနဲ့ မြင်မြင်သမျှ
ဖြစ်-တည်-ပျက်
ဖြစ် ခြင်းက ပျက်
တည် ခြင်းကလဲ ပျက်
ပျက် ခြင်းကိုယ်၌ကလဲ ပျက်
တရားစင်စစ်က
ပြောင်းလွဲ ဖြစ်ပျက်ခြင်းတခုတည်း
တည်မြဲ နေခြင်းပါ ကိုကို။

ကိုကို သူငယ်ချင်း….
လောကအပေါ်
မြတ်စွာသောဘုရား ပေါ်ခဲ့ပြီးပြီ
မြတ်တရားဓမ္မ ဖေါ်ပြခဲ့ပြီးပြီ
မြတ်သံဃာအရှင်တော်မြတ်များ
သတ္တ၀ါအများကို
တော်-တည့်နေရန်
ရည်သန်ညွှန်ပြ
တရားဓမ္မလမ်းဖြောင့်ပြလို့ ။

ကိုကို
သက်မဲ့လည်း မတည်
ပျက်ခြင်းနောက်ဆုံး
သက်ရှိလည်း မတည်
ပျက်ခြင်းနောက်ဆုံး
အဆုံးသတ်ဤသို့ ရှိတယ် ကိုကို။

ငါ့အိမ်
ငါ့ကား
ငါ့သားမယား
မှတ်ထားပဥာတ်
ကိုယ့်နဲ့ သင့်မြတ်ချိန်
ပိုင်ထားတာပါ ကိုကို။

ဒီသတ္တလောကထဲ
သမ္မာ-မိစ္ဆာ
တရားနှစ်ဖြာနဲ့ 
သွန်သင်ဆုံးမသြ၀ါဒတွေ
ထွေထွေလှမ်းဖွယ်
မဂ်လမ်းကျယ်ကျယ်
နည်းအသွယ်သွယ် ရှိနေပါလျှက်
ဖေါက်မထွက်ဖြစ်ရင်
ကိုကို့  အပြစ်သာ ဖြစ်တော့မှာမို့ 
လမ်းတွေကို အပြစ်မမြင်
ဖေါက်ထွက်ဖို့ သာပြင်ပါတော့ကိုကို။

Thursday, October 28, 2010

ငါမပိုင်တဲ့ မနက်ဖန်အတွက်

အူ ၀ဲ နဲ့ 
ပေါက်ကွဲငိုကြွေး
ငါ လူကလေးအဖြစ်
ကမ္ဘာမြေပေါ်ဆင်းသက်ခဲ့။

ဒီလိုနဲ့ 
အသက်ဆိုတာက
ရွေ့ လျှားခြင်းအချိန်တွေနဲ့ လက်တွဲ
မျဉ်းပြိုင်ပေါ် ကပွဲနွဲရင်း
တစက္ကန့် ခြင်း
တနှစ်ခြင်း
နှေးနှေးနဲ့ မြန်မြန်ပြေးလွှားရင်း
အင်း....ခုဆို
လေးဆယ့်နှစ် ၀ါတောင်ဆိုပြီးသွားပြီ။

ကျေနပ်စိတ်ပျက်စရာ
လောကမာယာတွေနဲ့ 
ပြေးတန်းလိုက်တန်း
မောမောပန်းပန်းလှုပ်ရှားရင်း
လူသားများကောင်းခြင်းအကျိုး
တထမ်းတပိုးတော့
လိုအပ်ချက်ကန်ရေပြင်ထဲ
ရေတစက်လိုလောင်းသွန်ပစ်ချခဲ့ဖူးရဲ့ ။

သြော်
သင်္ခါရနဲ့ ညားရင်း
တဖြေးဖြေးခြင်း
တိုတိုလိုက်ရတဲ့
ထွန်းညှိထားဆဲ
ဖရောင်းတတိုင်က
ငါ ကိုယ်တိုင်ဖြစ်နေရပေါ့။

ကံကြမ္မာနဲ့ 
အနိစ္စအတုံ့ အလှဲ့ 
ဒီ...
ငါချစ်တဲ့ ကမ္ဘာကြီးကို
နုတ်မဆက်ခင်
လောကကိုအလှဆင်
လောကုတ္တရာအတွက်
အထုပ်ပြင်ရင်းနဲ့ ပေါ့။

မသေချာတာက
နှစ်တရာ့ရှစ်ဆယ် အသက်ရှည်ခြင်း
သေချာတာက
အချိန်မရွေး
ဒီကမ္ဘာကြီးကထွက်ခွါသွားတတ်ရခြင်း
တင်းတင်းရင်းရင်း
အာရုံကိုသတိနဲ့ တွဲဖက်ချည်နောင်ထားရင်ပေါ့။

Tuesday, October 19, 2010

ကိုယ်ပျောက်-----နဲ့ သတ်ပုတ်ခြင်း

ဟိုနေ့ တုံးက
ကံကြမ္မာ ပတ်မကြီးတီးသံ
ငါ့ရင်ဘတ်နံရံကို
ကွဲလောက်အောင်ကြံရော့သလား။

သိလိုက်ပါပြီ
ကံကြမ္မာက
အဲမောင်း တီးပြီးမလာဘူး
လှံထမ်းလာသူကတော့
ငါ့ ကိုအနာတရဖြစ်စေ
ပြုစားလေရဲ့ ။

ကြေငြာချက် မထုတ်ပြန်တတ်တဲ့
အမိုက်အမဲ
လောကဓံကို တော်လှန်ဖို့ 
”ဘာမှမဟုတ်ဖူး”ဆိုတဲ့ပြဇာတ်
ကိုယ်တယောက်တည်း
မကတတ်ခဲ့လို့ ပါ
ကိုယ်ပဲ ဇာတ်ဆရာဆိုတော့
ဘယ်သူ့ ကိုများ
ဇီဇာချဲ့ အပြစ်ဖွဲ့ ရမလဲ။

ငါ့ နောက်ကျောက
ဓါးဒါဏ် ဗရပွဟာ
မိတ်ဆွေ အမှတ်မှားခဲ့လို့ ။

ခက်လိုက်တာက
ရှေ့ တည့်တည့်ကဓါး
စွတ်ပြေးဝင်လာတာတောင်
လေတိုးသံမကြားလိုက်ရဘူး
အ၀ိဇ္ဇာ ၀င်ပူးနေလို့ ထင်ပါရဲ့ ။

Sunday, October 10, 2010

သူငယ်ချင်း

သူငယ်ချင်း......
ကျီးကန်းဆိုတာကို အမဲနဲ့ တွဲမှတ်ထား
ဟိုရှေ့ ကားမဲက
ကျီးကန်းလို အား အားလဲမမြည်ဘူး။

သူငယ်ချင်း..ရေ....
ညကို အမှောင်နဲ့ တွဲမှတ်ထား
ခြောက်မျက်နာ အလုံပိတ်ထားတဲ့
အခန်းကျင်းကျင်းအတွင်း
နေ့ ခင်းဟာလဲငါ့အတွက်မှောင်တယ်။

သူငယ်ချင်း
ငါကိုက်စားခဲ့တဲ့ငြုပ်သီး
တရုတ်ကြီး
အဖြူ ကီး
ကုလားကြီး ရော
သူတို့ ပြောတယ်
...စပ်လိုက်တာတဲ့
ဂျူးဘားပြည်က
ထုတ်တဲ့ သကြား
ဘယ်သူစားစား
တ သဘောတရားတည်းချိုတယ်။

အင်း
သူငယ်ချင်းရေ
ငါဟာ မင်းမဟုတ်ဘူး
မင်းဟာလဲ ငါမဟုတ်ဘူး
ငါဟာလဲ ငါမဟုတ်ပြန်ဘူး။

သူငယ်ချင်းရေ..
ကျန်းမာခြင်းတွေ
မင်းနဲ့ လက်ပွန်းတသီးရှိပါစေ။

Thursday, October 7, 2010

နောက်ဆုံးစက္ကန့် မရောက်မှီ

နွေတနေ့ ရဲ့ တနံနက်
ကိုးနာရီသံ ချက်-ချက်
ငါ မှန်ကြည့်ဖြစ်လိုက်တယ်။

အမဲတ၀က်အဖြူရောယှက်
ငါ့ဦးခေါင်းထက်က ဆံပင်တွေဖြစ်နေပုံ။

သွားပွတ်တံကို လှမ်းအယူ
သွေးမပူလို့ လား
ဇရာငြူစူလို့ လား
ငါ့ ခါးကြားက ဂျောက်ကနဲမြည်
အဖြောင့်ပြန်ဆန့် လို့ မရတော့ပြီ။

စက္ကန့် အဆက် ဆက်
တချက်ချက်မြည်သံ
သေမင်းစေတမာန်ဖြစ်နေခဲ့။

မသေခင်စပ်ကြား
လူသားကမ္ဘာအတွက်
ဘာလုပ်ဖြစ်ပြီးပြီလဲ
ဘာလုပ်နေတာလဲ
ဘာလုပ်အုံမှာလဲ။

Sunday, September 19, 2010

ငါ့အသဲ ဟိုက်ထရိုဂျင်

အမြင့်နန်းပေါ်
သဇင် သစ်ခွ
ပိတောက် ငုဝါ
အမြင့်ပန်းမာလာတွေထဲက
ရိုးရိုးယဉ်ယဉ်
ယျဉ်ယျဉ်ရိုးရိုး
ငါ့ ရင်ကိုတိုးဝင်ထိုးဖေါက်
အသဲစိုင်ရောက်အောင်။

ခရေ.....
မြှားတိုတချောင်း
ထုတ်ခြင်းခတ်ထိုးဖေါက်သွားလဲ
မင်းအပေါ် ငါ့အတွယ်အတာ
အချစ်မြှားရှည်တချောင်းက
ငါ့ရင်ဘတ်ထဲ
ငြိတွယ်စွဲမြဲနေတုံးပဲ
မိခရေ.....။

ငါ့ရဲ့ 
လည်ချောင်းအချုပ်ထောင်ထဲ
မင်းကိုတွေ့ တဲ့နေ့ ကစ
တမ်းတမ်းတတ
နှစ်ရှည်လများအကျဉ်းကျနေတဲ့
စကားစုတွေ
ရင့်ကျင့်ထိုးဖေါက်
အချုပ်ထောင်အပြင်ရောက်တော့
ဘာသာဗေဒနဲ့ 
ရင်းနှီးပေါင်းဖက်
မင်းကိုချစ်တယ်ဆိုတဲ့အကြောင်း
တော်လဲ သံလို
မြည်ဟီးသွားပေါ့။

ထပ်ဆင့်
ထပ်ဆင့်
ထပ်ဆင့်မြည်ဟီးတဲ့ဒီအသံ
ကျောက်သားနံရံ ကွဲကြေလောက်လဲ
ထူးကဲနေတာက
သတ္တ၀ါ ဘယ်ကစ
အဖြေရှာမရတဲ့ပုစ္ဆာထက်
မင်းဆီမှာ မီးစိမ်းပျက်နေတဲ့အကြောင်း
အကြောင်းပြချက်
ဘာလဲ ဆိုတာပို ပိုခက်။

မိခရေ...ရယ်
ငါ့နှလုံးသားတွေဟာ
ဆားဖြူးရင့်စ် အက်စက်အစားခံရတဲ့
သွပ်စ”လေးတွေလို
တရွေ့ ရွေ့ ဝါးမျိုခံရ
ဟိုက်ထရိုဂျင်ဘဝ
ဘ၀ပျက်ပြီး
အဝေးကိုလွှင့်ရတော့မှလားကွယ်။ ။

Monday, September 6, 2010

နှစ်ကိုယ့်တစိတ် တိုးတိုးတိတ်တိတ်

အ၀ိဇ္ဇာဖိစီး
တဏှာမီးတွေနဲ့ 
မသေချာတဲ့
နေထိုင်ခြင်းကို
ကျားကုတ်ကျားခဲ တည်ဆောက်
သေချာတဲ့
သေခြင်းတရားကို
မေ့မေ့ပျောက်ပျောက်
ဂုဏ်မြောက်လိုက်တဲ့ တဏှာ
အစွမ်းထက်လိုက်တဲ့ တဏှာ
ကျွမ်းကျင်လိုက်တဲ့ တဏှာ။

အဲဒီကြားထဲ
ရောင်စုံရမ္မက်တွေက
အငိုက်ချောင်း အလစ်တိုးဝင်
ဘ၀င်ကိုခိုက်လို့ 
ခိုက်လိုက်တဲ့ ဘ၀င်
ဝန်းကျင်ကတောင်
မျက်လုံးကြက်ခြေခတ်တွေနဲ့ 
ရွဲ့ စောင်းကြည့်ကြ။

တကယ်တော့
အကျိုးတရားတွေက
အကြောင်းတရားတွေနဲ့ 
နှစ်ကိုယ့်တစိတ်
တိုးတိုး တိတ်တိတ်
ပေါင်းသင်းနေထိုင်ပြီးသား။ ။

Thursday, September 2, 2010

အစွန့် ပြစ်ခံ ဘူတာလေး

မိခရေ...ရေ....
အချစ်ပြေမလွယ်ချင်ဘူးကွယ်။

မင်းရဲ့ မျက်နာချိုလေးက
လေးနှစ်လေးမိုး
မေတ္တာမိုးတွေရွာသွန်းဖြိုးပြီးကာမှ
ဘယ်အာရုံ
ဘယ်အငြိုးကြောင့်
မေတ္တာ ဘရိတ်အုပ်
အမုန်းတရားတွေနဲ့ 
နောက်ဆုတ်သွားရတာလဲကွယ်။

သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းရမယ့်အကြောင်းရယ်
ကမ္ဘာဦးတေးဂီတကို
တီးမှုတ်ကခုန်ခဲ့ကြတာရယ်
ငါ တို့ နှစ်ယောက်ရဲ့ 
လူ့ သမိုင်းတာဝန်ကျေခဲ့တာတွေ
မင်းမေ့သွားပြီနော်..။

ငါသိလိုက်ပါပြီ.ခရေ..ရယ်
ကံကြမ္မာဟာ
သံခွါတပ်ပြီးစ
မြင်းရိုင်းတကောင်လို
ဒုံးစိုင်းပြီးရိုင်းရိုင်းစိုင်းစိုင်းနဲ့ 
တံခါးမခေါက်ပဲ
ဂမူးရှူးတိုးဝင်လာတတ်လေရဲ့ ကွယ်။

တကယ်ပါ မိခရေ..ရယ်....
ငါ မေ့မလွယ်ပါဘူး
ဘ၀ရဲ့ မီးနှင်းပွဲတော်တွေက
ပျော်စရာ မဟုတ်ခဲ့ပေမဲ့
မင်း..ငါနဲ့ အဖေါ်ပါခဲ့တာတွေ။

ခရ...ရယ်.......
မင်းသာခွင့်ပြုခဲ့မယ်ဆိုရင်
မင်းဟာလည်း ရထားတစင်းဆိုရင်
မင်းဘယ်လောက်ဝေးဝေးမောင်းနှင်သွားပါစေ
ဘယ်ဆီကိုပဲမောင်းနှင်သွားပါစေ
ပျံလေတဲ့ငှက်ခါး
မင်းနားဖို့ အတွက်
ငါဟာ ဘူတာရုံလေးဖြစ်ပါရစေကွယ်။

Sunday, August 29, 2010

ညီမလေးအတွက်ပေးစာတစောင်

အဖေမေတို့ နဲ့ 
တသက်တာဝေး..။

ငါတို့ မောင်နှမနှစ်ယောက်လဲ
တမြေဆီဝေး
ညီမလေး”မိအေး”..
အစ်ကိုကြီးစာရေး လိုက်တယ်။

ကိုယ့်တက်နဲ့ ကိုယ်
လှော်ခတ်နေရတဲ့ ငါ့ညီမ
မင်းဟာဘ၀ကျောင်းသူတယောက်။

ငါ့ညီမ
မင်းရဲ့ ဘ၀လွယ်အိတ်ထဲ
မာနစာအုပ်ထူထူကြီးလဲ
လွယ်ထည့်မထားပါနဲ့ ။

အတ္တနက်နက်ခဲတံကြီးနဲ့ 
ဘ၀ကောက်ကြောင်းတွေလဲ
မဲမဲညစ်ညစ် မရေးခြစ်လေနဲ့ ကွယ်။

အမြင်နဲ့ အမြင့် ဟာ
အစက်ကလေးတစက်ပဲကွာတယ်
ညီမလေးရေ့...။

အလင်းနဲ့ အမှောင်ဟာ
လက်ဖျောက်တချက်တီးပဲ
ညီမလေး..ရဲ့။

အသက်ရှုပေါက်ဆိုတာ
မျက်နာမပြရဲသူတွေမှာလည်းရှိကြတာပဲကွ။

ညီမလေး
အပါးလွှာဆုံးစက္ကူလေးဟာလဲ
သစ်သားလေးပါပဲကွယ်။

ညီမလေးရေ
ကျီကန်းတိုင်းဟာလဲ
မမဲ(မည်း)ကြဖူးကွဲ့ ။

ဒါးပြတ်တာ အနာမဟုတ်ဖူးဆိုတာ
ငါ့ညီမလေးကို မပြောသေးပါဘူးကွယ်။

ညီမလေးရေ
စာကြောရှည်နေလိမ့်မယ်။

ပြောင်းလွဲခြင်းတခုတည်း
တည်မြဲတဲ့လောက
မြင်မြင်သမျှ
ကမ္ဘာကြီးရဲ့ အပိုင်းအစ
ပြောင်းလဲပျက်စီးကြလဲ
ငါဟာ မြဲတယ်လို့ 
ငါ့ညီမဘယ်လိုယူဆမလဲကွယ်။

အတုံ့ အလှည့်ယဉ်ကျေးမှုကြား
ငါ့ညီမ
သတိထားပါကွယ်။

ကြက်သွန်ခွံပါးပါးလေးခြား
အမှန်နဲ့ အမှား
ဓမ္မဒါး သွေးမထားရင်
ပညတ်တံတားပေါ်
ယောင်ရမ်းအော်ရင်း
အခြေမတော်ချော်ပြီး
ဂျောက်ကြီးအတွင်းလဲ ကျနိုင်ရဲ့ ကွယ်။

အတ္တဟိတိ အတ္တနော နာထော
ဒီသဘောကိုလဲ
ငါ့ညီမရင်ထဲ
အပြီးတိုင်သော့ခတ်သိမ်းဆည်းထားပေတော့ကွယ်။

ကဲ..ညီမလေးရေ့ ....
သင်္ခါရ အတုံ့ အလှည့်နဲ့ 
ဒီကမ္ဘာကြီးကိုနုတ်မဆက်ကြသေးခင်
ငါ့တို့ မောင်နှမ
ပြန်ဆုံကြချင်သေးတယ်ကွယ်။


ချစ်ရသောတဦးတည်းညီမလေးသို့ 

Sunday, August 15, 2010

ခရီးသည်ကြီး ရေကူ:နေသည်

အ၀ိဇ္ဇာဆိုတာနဲ့ 
တဏှာပေါင်းဖက်ပြီး
ကျုပ်ကို ပင်လယ်တခုထဲ
ကန်ချခဲ့ကြ။

မဏိမေခလာ
သူလာမကယ်ဘူး
ကူးခတ်နေရတာက နေ့ စဉ်ရက်ဆက်။

မင်းဧကရာဇ် မဖြစ်ချင်ပေမဲ့
ဒီရေ
ဒီလေ
ဒီလှိုင်း
ဒီငါး ငါးမန်းဆိုး
ဒီငါး ငါးမန်းဆိုး
ဒီလှိုင်း
ဒီလေ
ဒီရေ
ကူးခတ်နေဆဲ။

အတ္တဟိတိ အတ္တနော နာထော ဆိုတော့
......................................................။

Sunday, August 1, 2010

ကဗျာမဆန်သော ဇာတ်လမ်းတပုဒ်

ကျုပ်ဆိုတဲ့
ကျုပ်ဟာ
ဒီကမ္ဘာကြီးရဲ့  အပိုင်းတစ
ကျုပ်ဘာမှရေရေရာရာ
မသေချာသေးတဲ့အချိန်
ကျုပ်ကိုထုဆစ်ခဲ့တဲ့
မေတ္တာရှင်နေမင်းကြီးက
နဲနဲလေး အလင်းဖြာခဲ့ဖူးရဲ့ 
ဒါ တထောင့်ကိုးရာခြောက်ဆယ့်နှစ်ကပါ။

လင်းကြက်အော်သံ
ကျုပ်ဘ၀ထဲ မသဲကွဲသေးတဲ့အချိန်
ဗြမ္မာစိုရ်တရားတွေ
ပြည့်လျှံနေတဲ့
နွေးနွေးထွေးထွေးလေး
အလင်းဖြာပေးတတ်တဲ့
လပြည့်ဝန်းကြီး
ရေတိမ်နစ်ခဲ့
ဒါ တထောင့်ကိုးရာခုနှစ်ဆယ့်လေး ကပါ။

ဒီလိုနဲ့ ပဲ
လှမ်းလျှောက်တတ်တဲ့
ခြေနှစ်ချောင်း
ကျန်ခန္ဓာဗေဒတွေကို
အတ္တဟိတိ အတ္တနော နာဌောနဲ့ 
ခုံခုံမင်မင်
ရင်းရင်းနီးနီး
တွယ်တာပေါင်းဖက်ပြီး
ဤခရီးမနီးပေမဲ့
ရမ်သမ်ဆန်တဲ့
”ဘ”ကုံးနဲ့ ”၀”လုံးပေါင်းဖွဲ့ မှုကို
ပဉ္စလက်မာယာများတဲ့
လက်ဝှေ့ ကျော်ရှစ်ဖေါ်နဲ့ 
ကျွမ်းကျွမ်းဝင်ဝင်ထိုးသတ်ရင်း
တက်ဆင်း နိမ့်မြင့်
ကွေ့ ကောက် ငိုရီ(ရည်)
ထို.အထိုထိုတွေကို
ရေလောင်းပေါင်းသင်
ရောင်စင်တွေကိုမြင်တတ်အောင်
ပြုစုခဲ့ရ
ဒါ ကျုပ်ဘ၀ပေါ့။

အဲဒီဘ၀လေးကို
လက်ကျန် ဧကရာဇ်နဲ့ 
နောက်လိုက်အကြွေကောက်သူတွေက
”အိုက်ခမန်း”လိုတခါ
ချက်တီး”လိုတလည့်
ကျုပ်တို့ ရွာ
ကျုပ်တို့ ဘ၀ကို
လည့်လည်ထွန်ရေးညှက်လိုက်ကြတာ
ပြားပြားကိုချပ်
ဖွတ်ဖွတ်ကိုကြေလို့ ။

Friday, July 16, 2010

ညမွှေးပန်း

တစ္ဆေရဲ့  ကမ္ဘာတခုပမာ
ညအခါမှာထိန်ထိန်သာတဲ့
မေတ္တာမပါတဲ့အချစ်ပွဲတွေ-နွဲ
ပန်းခင်းကြီးက
စည်ပဲစည်ကားလွန်တယ်။

ပန်းခင်းရဲ့ သခင်
သူ့ အသွင်က
ကြွေတောမယ့် နှင်းဆီ
ပွင့်ချပ်ပမာ
သူ့ နုတ်ခမ်းလွှာ
လိုတာထက်ပိုနေပေါ့။

လင်းလက်နေတဲ့
ဘောဂဗေဒရောင် မျက်လုံး
လာလာသမျှပိတုန်းတွေကို
ကြောင်လက်သဲကြားက
ကြွက်ကလေးကိုကစားသလို
ကျွမ်းကျင်မှုတွေက ပါရဂူမြောက်လိုက်တာ
ဟိရိသြတ္တပ္ပတွေက ဗလာ။

ရောင်စုံပန်းပွင့်များစွာ
ဖေါ်ရွေသူ
ကြောက်ရွံ့ သူ
အလို မတူသူ
အလိုတူသူ
ဘယ်လိုပင်
အလိုတူတူ-မတူတူ
မနက်ဖြန်အူစိုဖို့ 
တညတာဖြေဖျော်လို့ 
မြန်ပြည်ရဲ့ 
တိုးတက်တဲ့ အနိမ့်ခန်း
ညမှာ ပွင့်တဲ့ပန်းလေးတွေ။

သူတို့ သမီးများ
ပန်းတံတားပေါ်မှာ
လိုအပ်တာအကုန်ရ
ပြည့်စုံကြွယ်ဝ
အဲဒီဘ၀ ရထားကြရင်
ညဥ့်ငှက်
ဘယ့်အတွက်ဖြစ်ရပါ့မလဲ။ ။

Monday, July 5, 2010

သစ်ပင်တပင်ရဲ့ အထ္ထုပ္ပတ္တိ

ဒီအပင်ပေါ်မှာ နားနေ
ဒီအရွက်အရိပ်ကို ခိုလုံ
ဒီပင်စည်ကို အကာအကွယ်
ဒီအသီးတွေကို စားသုံး
ဒီလိုနဲ့ ပြီးဆုံးမသွားခဲ့
ဒီအပင်ကို ထိုးဆိပ်
ဒီအရွက်ကို ကိုက်ချွေ
ဒီပင်စည်ကို ကုတ်ဖဲ့
ဒီအသီးတွေကို အတ္တအတွက် ဝေငှ
ဒီလိုနဲ့ နောက်ဆုံးကျ
ဒီအပင်သုံးမရဘူးဆို
ဒီလိုဟိုလို အပြစ်ဆို စွန့် ခွါသွားခဲ့
ဒီလိုလဲလုပ်ရက်ကြသေးတယ်နော်
ဒီဘ၀တော့
ဒီတခါသာကြုံပါရစေတော့။

ဒ.ဒွေးတလုံးမှ ၀ိုင်းအောင်မရေးနိုင်တဲ့ငါ
ဒီအပင်ကြီးကိုတော့
ကိုယ်ချင်းစာမိပါတယ်။

Sunday, June 20, 2010

အငွေ့ ပျံသောက

ငါ
မငိုပါဘူး
ရွှဲစိုလို့ 
တွဲခိုကျလာတာ
ခါးသီးမှုဝေဒနာတွေ
ပူပြင်းတဲ့
Photobucket

နှလုံးသားဓါတ်ပေါင်းဖိုပေါ်က
အငွေ့ ပျံသောကရဲ့ 
ကိုယ်စားပြုရေကြည်တွေပါ
ဒါကို
ငိုခြင်းရဲ့သင်္ကေတ
မျက်ရည်လို့ ခေါ်ကြတာလား။

Sunday, June 6, 2010

မိသံစဉ်

တွန်သံချိုတဲ့
ကြိုးကြာတကောင်လို
လှလှပပကြွကြွရွရွ
ကဗျာတမျှပြောဆိုတတ်တဲ့
မိသံစဉ်။

မင်းရဲ့ သာယာနူးညံ့မှု
သံသာကြောမှာ
မျောပါသွားရင်း
ရွက်မဲ့တက်ကျိုးသွားလည်း
လက်ထိုးလှော်ဖို့ 
မကြိုးစားချင်ဘူးကွယ်
ရင်နဲ့ မှကြားရတဲ့
မင်းဆီက ကဗျာသံစဉ်တွေ
ဆိတ်သုန်းပျောက်ကွယ်သွားမှာစိုးလို့ ။

မင်းကိုအပြစ်မမြင်ဘူးမိသံစဉ်
ငါ့အသဲပြင်မှာ
ထီးတင်နန်းဆောက်
ဘုရင်မတယောက်လို
ငါ့နှလုံးသားကို
အုပ်ချုပ်မင်းမူလိုက်စမ်း
ဝပ်တွားနာခံဖို့ အသင့်ပါ။

ငါ တွေ့ လိုက်တယ်မိသံစဉ်
အရောင်သွေးစုံလှလှပပနဲ့ 
လွမ်းတေးရှင်ရွှေဥသြ
ဘာမပြောညာမပြော
သ၀န်တိုတဲ့သဘောနဲ့ 
ခပ်သောသောလေး
အဝေးဆုံးကို အားသွန်ပျံထွက်သွားတယ်
ပျံပါစေလေ
သူက ဥသြ...ဥသြ...
သံချိုတွန်တာကလွဲလို့ 
မင်းလောက်မှ သံစဉ်မထွင်နိုင်တာ။

ငါတွေ့ လိုက်သေးတယ် မိသံစဉ်
ရောင်စဉ်လှလှ
ခေါင်း(ဂေါင်း)ငြိမ့်ပြတတ်တဲ့
အရောင်ပြောင်းထိုထို
ကိုရွှေပုတ်သင်ညို
မင်းကိုသ၀န်တို
မလိုလို့ ထင်ရဲ့ 
သာဘာဝရဲ့ ဆန့် ကျင်ဘက်
ခေါင်းခါပြပြီးထွက်သွားလေရဲ့ 
သွားပါစေလေ
သူက ဟုတ်ကဲ့..ဟုတ်ကဲ့...
ခေါင်းငြိမ့်တဲ့အကျင့်ကလွဲလို့ 
မင်းလောက်မှ
အရောင်ပြောင်း၊ ခေါင်းငြိမ့် ခေါင်းခါ
မကျွမ်းကျင်တာ။

မိသံစဉ်
အနီရောင်ဟာ
ရဲရင့်ခြင်း ပြတ်သားခြင်းတဲ့
မင်းဆီက ယိုစီးဖိတ်ကျလာမယ့်
လမ်းခွဲရေး
အနီရောင်တွေတော့
ငါ့ရင်ပြင် နှလုံးသားပေါ်
နဲနဲလေးမှ
လမ်းချော်ပြီး ဖိတ်စဉ်ကျမလာဖို့ 
မက်မက်မောမောနဲ့ 
ဘုရားသခင်များထံ
ဆုတောင်းမိတာစက္ကန့် အမျှပါပဲ။

တကယ်ပါမိသံစဉ်
မင်းက မီးလျှံဆို
ငါက ဖိုးဖလံ
ဒါပေမဲ့
ကုမုဒြာကြာပန်းအသွင်
မင်းအတွက်တော့
ငါက လရောင်ပဲဖြစ်လိုက်မှာပါ။

Sunday, May 30, 2010

မိညို

မိုးကောင်းကင်ကြီးက ညိုတိုတို..

မိညို” ဆိုတဲ့မိန်းမချောတယောက်နဲ့ 
”ဆူးလေ”မှာနှစ်ခေါက်
စနေ တောင့်မှာနှစ်ခါဆုံဆက်
အလွမ်းဇာတ်လမ်းဖြစ်ဖို့ 
အဲဒီက”စ”လို့ ။

အိုးးး မတော်လို့ ပါနော်
sorry ပဲနော်
. . . . . နော်တဲ့။

အဲဒီနော်တွေရဲ့ နောက်ပိုင်း
ပါးနပ်မှု ယဉ်ကျေးမှုတွေနဲ့ 
ရင်းရင်းနီးနီး
ရောရောယှက်ယှက်
မရှိသေးတဲ့ င့ါအသည်းကြမ်း
မင်းရဲ့  သမုဒယနွံရိုင်းထဲမှာ
အာရုံဦးအသစ်တွေနဲ့ ပျော်ပါးရင်း
မင်းရဲ့ ဆန္ဒ
ငါ့ရဲ့ အဇၹ်တ
တသားတည်းမကျမှုကြောင့်
ဘာကြောင့်ညာကြောင့်
ဖနောင့်ဆောင့်ပြီး
ဆောင်းရိုင်းလေနဲ့ အတူ
တိမ်ညိုတွေထဲပျောက်သွားသူရေ။

မင်းက လမ်းခွဲ နုတ်မဆက်
ကျောခိုင်းထွက်သွားလေပြီ။

ကြေကွဲမှုဆိုတာတွေ
ဘယ်လိုပေတံနဲ့ မှတိုင်းမရ
ဘယ်လိုပေါင်ချိန်နဲ့ မှချိန်မပြနိုင်တဲ့အထဲ
လွမ်းဆွတ်မှု ဝေတနာမိုးကွက်ကျားတွေက
ငါ့ရဲ့  ရင်ဘတ် ဘယ်ဘက်တခြမ်းတည်းပေါ်မှာ
မညှာမတာ
အတိုင်းထက်အလွန်ရွာလို့ ။

မိညို
နေ့ နေ့ ညည လျှံထွက်ကြတဲ့
အိမ်မက်ရိုင်းတွေကလဲ
ငါ့ရင်ဘတ်နဲ့ မဆန့် 
အပြည့်အကြပ်ပါပဲ
အသက်ရှုတောင်ရပ်ရပ်သွားချင်ရဲ့ ။

ခက်တယ်မိညို
စိတ်နဲ့ စိတ်ချင်းမှနားလည်ရတဲ့
ငါ့အလွမ်းဝေဒနာတွေကို
ငိုယိုကြေငြာမိတော့လည်း
မောင်ရင်- ဖြေပါ ဖြေပါ
လေညှာကချော့သူတွေ
ပလူ”ကောင်တွေနဲ့ အပြိုင်။

မိညို
အတိတ်တစ္ဆေက
ငါ့ရင်ထဲမှာ ကွန်းခိုပျော်ပါးနေဆဲပါ။

မိညို
မင်းတယောက်ကြားနိုင်မယ်ဆိုရင်
ငါပြောလိုက်ချင်တယ်
စိတ္တဇညတွေကို
ပန်းခရေလို သီကုံးမပြနိုင်တာကလွဲလို့ 
မင်းအတွက်နဲ့ 
ရူးသွပ်မှုနေ့ ရက်တွေက
ဆက်၍ဆက်၍ဆက်နေဆဲပါကွယ်။ ။


သူငယ်ချင်းတယောက်ရဲ့  အသည်းခလုတ်တိုက်သံ။

Tuesday, May 25, 2010

လမ်းခွဲပါ အရမ်းမပြောပါနဲ့ 

”နှင်းမိုးသူ” ဆိုတဲ့သူ
တကယ်ချစ်တတ်တဲ့
ပုရိဿတို့ ရဲ့ အသဲ
မာယာဒါးနဲ့ ခွဲ
ဝှက်ဝှက်ပြီး
ပုလဲ ကုံးလိုလည်မှာဆွဲ
လက်ရဲဇက်ရဲ
ခွဲခန်းထဲက ဆရာဝန်
သူ့ ကို ဆရာခေါ်လိုက်ရ
အော်....”နှင်းမိုးသူ”သူရယ်။

”နှင်းမိုးသူ” ဆိုတဲ့သူက
ငါ့ကို
မီးခိုးငွေ့ လို
မရေရာဘူးတဲ့လား?
တကယ်တော့ ”သူ”ရယ်
အခိုး အငွေ့ တွေဟာ
နှင်း မိုး သူတို့ အတွက်
အခြေခံအင်အားတွေပါ
”နှင်း မိုး သူ”။

Wednesday, May 19, 2010

သောနုတ္ထိုရဲ့ အရှုံး

တပ်ဖွဲ့ ...........ရေ့ ကြည့်..........
တပ်ဖွဲ့ ...........သတိ..
တပ်ဖွဲ့ ... ညာ...........ညှိ။

ကွန်းမန်းသံ
ဆူညံနားထဲ
့ငါ့ဦးခေါင်း(ဂေါင်း)လဲဘယ်စောင်း
သတိကောင်းကောင်းနဲ့ ကြည့်မိ
အလို ဒုက္ခ
မာန အရပ်ကရှည်ရှည်
ပရိယာယ် လက်နက်ကစုံစုံ
မာယာ မျက်နာကများများ
ဘ၀င် ဖိနပ်မြင့်မြင့်စီးထား
ငါ သောနုထ္ထိုရ်
ဘယ်လိုများ ညာညှိရပါ့
ဒုက္ခ...ဒုက္ခ...ဒုက္ခ........။


ခရီးသွားရင်း မျက်လုံးခလုပ်တိုက်မိလို့ 

Tuesday, May 18, 2010

မိခရေ

ခရေပန်းကို ချစ်တတ်တဲ့
မိခရေ.....ရေ.........။

မင်းက
တချိန်က ရွာရဲ့ အလှဘုရင်မ။

ခုတော့
မင်း အသွင်ပြောင်း
အချစ်ဟောင်းကိုမေ့
အဖြစ်ဟောင်းကိုမေ့
နေရာဟောင်းကိုမေ့
သိပ်ချစ်ခဲ့တဲ့
ခရေပန်းကိုတောင်မေ့လို့ ။

ထူးထူးခြားခြား
ဆူးများတဲ့နှင်းဆီကိုမှ
နှစ်သက်ခုံမင်
မင်းအသွင်က
ဆေးရောင်စုံမျက်နာ
သွားလာပုံပြောစကား
တခါတုံးက
မိခရေ-မှဟုတ်ရဲ့ လားကွယ်။

Sunday, May 16, 2010

လက်ပြနုတ်ဆက် သွားပါတော့

မိန်းခလေးရေ...
လေယူရာတိမ်းလို့ 
အလိုက်သင့်ကလေးယိမ်းတော့မှာလား
ရနံ့ ကသင်းသင်း
အသဲချွေစကားကတင်းတင်း
ကြင်နာခြင်းကင်းကင်းနဲ့ 
မင်းရက်စက်လေခြင်းကွယ်။

မိန်းခလေးရယ်
အလှဂုဏ်ဆိုတာတွေနဲ့ ပေါင်းပြီး
မင်းရင်ဘတ်ကသွေးတွေတောင်
နထင်ပေါ်မှာ
ဖနောင့်သံပြင်းပြင်း
ဘယ်သူနဲ့ များ
စစ်ခင်းနေသလဲကွယ်။

အပင်ပြောင်းတတ်တဲ့ မိန်းခလေးရေ
သက်တန့် အရောင်လို
မှော်ဆန်တဲ့
မင်းစကားလုံးတွေက
မင်းစားနေကြ
ယိုးဒယား သကြားလုံးလို
မင်းလျှာပေါ်မှာ
ပျော်ဝင်ပျောက်ဆုံးကုန်ပြီနော်။

နားလည်ပါပြီ
မိန်းခလေးရယ်
ရက်စက်တယ်ဆိုတာ
ဒါး(ဓါး)ထမ်းလူသတ်
လက်ညိုးဖြတ်မှ မဟုတ်တာ
သုဘဒ္ဒာအငြိုးနဲ့ 
သေနုထ္ထိုရ်ကိုတောတိုးစေပြီး
ဆင်ဖြူကြီးရဲ့ အစွယ်
နဒေါင်းသဖွယ် ပန်ချင်တယ်ဆိုတာ
တကယ်မှမဟုတ်တာ
လက်စားချေအညိုးနဲ့ 
ရက်စက်ခြင်း
နည်းဗျူဟာတမျိုးပဲမဟုတ်လားကွယ်။

မိန်းခလေးရယ်
ငါ့မှာ
ဆဒ္ဒန်လို စွယ်စုံမှမရှိလေတော့
အသဲပြင်မှ
နှလုံးသွေးနဲ့ ရင်းပြီး
ပြုစုယုယ
စိုက်ပျိုးခဲ့တဲ့
အချစ်ပင်လေးတော့
အညွှန့် ချိုးခံရပြီပေါ့။

တော်ပါတော့ မိန်းခလေးရယ်
လက်ကျန်အချစ်
အသစ်ပြန်ဖြစ်ဖို့ 
ဘ၀နေမညိုခင်
မြက်နုတ်ပေါင်းသင်
ငါ့အပင်လေး
လွတ်လပ်စွာ
ရှင်သန်ခွင့်ပေးပါတော့။

Monday, May 3, 2010

နှစ်လွန် အချစ်ချို

မွေးကင်းစ
ပြက္ခဒိန်က
တရက်ခြင်း ငါ့ဘ၀ကို
ကုတ်ခြစ်လှန်လျောအုံးမှာလား။

စာမျက်နာအဟောင်းက
ဒါဏ်ရာတွေ
အကင်းမှမသေသေး
တဖြည်းဖြည်းစွဲလမ်းခဲ့တဲ့
သံယောဇဉ်ကြိုးအတွက်
ဖြတ်ဖို့ ခဲခက်
အနာမကျက်တကျက်နဲ့ 
အချိုးအဖတ်တွေတောင်မခွါရဲဘူးကွယ်။

ခံစားတတ်လွန်းတဲ့
ဝေငှတတ်လွန်းတဲ့
ငါ့အသဲပြင်ကို
ထီးတင်ဘုရင်လုပ်
တခန္ဓာလုံးကိုအုပ်ချုပ်
ငါ့မှာကမင်းရဲ့ 
အချစ်ကျွန်သဘောက်ဖြစ်လို့ ကွယ်။

ချစ်သူရေ...
ကိုယ်စောင့်နတ်ကတောင်
ငါ့ကိုပြက်လုံးကောင်းတဲ့
လူရွှင်တော်တယောက်လို
ဟားတိုက်ရယ်မော
ငါ ကိုကမင်းရဲ့ မာယာတောမှာ
ခရီးသွားခဲ့တာကြာပြီလေ။

ငါလေ
မကြာခဏ
ကိုမင်းအောင်လို
အသဲနွမ်းခေါ်သံနဲ့ 
အထီးကျန်ဆန်ဆန်
အလွမ်းငွေသောင်ယံမှာ
နှစ်ပါးသွားကရတာများပြီကွယ်။

မင်းဆီမှာက
ကရုဏာဆိုတာ
လမိုက်ည ဆယ့်နှစ်ဗဟိုမှာ
မဟူရာကျောက်တပွင့်
အရှာခက်သလို
အဲဒီအဖြစ်ထက်
ညကပိုနက်နေပါလားကွယ်။

ကိုနျူတန်ရဲ့ 
သက်ရောက်မှု
တန်ပြန်သက်ရောက်မှုတရား
ဘယ်နေရာမှများ
အိပ်မောကျနေသလဲကွယ်
ငါ့မှာက သက်ရောက်လိုက်ရတာ
ရင်ခွင်မှာတောင်ဗလာဖြစ်လုလု။

မင်းရဲ့ 
သောနုတ္ထိုရဲ့ မြှားသွားတလက်လို
ရန်လိုစူးရှတဲ့စကားတွေကြား
ပျော်ရင်းပါးရင်း
မင်းအချစ်ကိုတောင့်တ
ကြောင့်ကြလိုက်ရတာ
ဝါဆိုမိုးသဲသဲ
ငါ့ရင်မှာရွာမစဲပဲ။

ယုယုယယယနဲ့ 
ချစ်ခဲ့တဲ့ မင်းအပေါ်
ငါ့အပြစ်ကိုတူးဖေါ်ပြီး
ကွတ်မျက်ဖို့ ကြိုးစား
မင်းရဲ့ ရက်စက်တဲ့
နှလုံးသားမြို့ တော်မှာ
င့ါကို
ဗျတ်ဝိ လိုစတေးတော့မှာလား။

အချစ်ကိုရှာဖွေရင်း
အမုန်းတံတိုင်းကို
ကျော်ဝင်မိသူ
အချစ်စွန့် စားရေးမား
ငါ့အားသတ်ပါလေ
ငါ့စိတ်ထားတွေက
တရွေးသားမလျော့
မင်းကိုချစ်မြဲချစ်လျှက်ပေါ့ကွယ်။


ခရီးသွားအတွေ့ အကြုံတခု ပြန်လည်ထုဆစ် ရေးခြစ်မိခြင်းပါ။



Friday, April 23, 2010

တရွေ့ ရွေ့ မှအရှန်အဟုန်သို့ 

သဘာဝဖွဲ့ စည်းမှု
လူ့ အဖွဲ့ အစည်း
ခရီးခြင်းတူ
နည်းခြင်းလဲတူ
ပဠိပက္ခတိုက်ပွဲအတူတူပဲလေ။

မပြောင်းလဲခြင်းမဟုတ်
ပြောင်းလဲခြင်းသာ သစ္စာ
အခိုင်မာဆုံးပဲ။

စစ်တုရင်တပွဲ
ရှုံးနိပ်သွားလဲ
ဒါ
ထာဝရမှမဟုတ်တာ
ကြည့်လေ
ပင်လယ်ရေတွေဟာ
တခါက အခိုးအငွေ့ ဖြစ်ဖူးခဲ့။

တကယ်တော့
လောကကမာယာမဟုတ်
မာယာကလောကကို
အရောင်ချယ်နေ
ခုတ်ဖဲ့ထုဆစ်နေ။

ရာသီတိုင်းအပူတွေနဲ့ 
လက်ပွန်းတတည်းရှိတဲ့
ပင်လယ်ရေအောက်
ချော်ရည်တွေတောင်
အပြင်းဆုံးပေါက်ကွဲ
အမြင့်ဆုံး ထောင်တက်တတ်တာပဲ။

Sunday, April 11, 2010

အတ္တအာသီသများ

မောရင်းပန်းရင်း
လှိုင်းကြမ်းခြင်းကို
တမ်းရင်းတရင်း
အလင်းမဲ့
လင်းလက်တဲ့နေ့ 
ရှင်သန်ရင်းတရွေ့ ရွေ့ ။

လက်မထောင်ရှုံးနိမ့်
အောင်မြင်ရင်းကျဆုံး
အကောင်းဆုံးဆိုတာ
ငါဘာလုပ်ခဲ့ပြီးပြီလဲ။

နိမ့်မြင့်ကွေ့ ကောက်
ဘ၀တလျှာက်မှာ
ငိုရီ(ရယ်)လည့်လည်
ခံစားချက်နယ်ပေါ်
အရမ်းပျော်ပြီးအော်မိတယ်။

နေမင်းခြေကွက်
ရေတွက်ရင်း
သတ်မှတ်ချက်နဲ့ 
နေ့ ရက်တွေကအိုမင်းနေ။

ဟိုနေ့ ကတွေ့ 
ဒီနေ့ မေ့ရမလို
စက္ကန့် တိုင်းလိုလို
ပျို-ပြို-ပျက်
ဒါ သင်္ခါရလက်ချက်လေလား။

နေ့ ရက်များစွာ
ဥတုပူပူ
အရောင်မတူ
လူထူထူကြားထဲ
ပုံတူဆွဲရတာ
ထမင်းစားရေသောက်
ဟိုတခေါက်က
ပုံမတူမူကွဲလို့ 
မျက်နာကြောတင်းတင်း
လျှာခေါက်သံပြင်းပြင်းနဲ့ 
ဖက်လဲတကင်းပြုခြင်းခံခဲ့ရ။

နေ့ တဓူဝ
ရှစ်ရောင်စုံ ချယ်သခံရလို့ 
ကိုယ်ပိုင် အာသီသထဲ
အပြာရောင်ကို
အဖြူရောင်နဲ့ ပွတ်တိုက်ရင်း
အညိုရောင်
အ၀ါရောင် ဖြစ်ဖြစ်သွားချင်ရဲ့ 
အမည်းရောင်စိတ်တန်ခိုးက
ကြိတ်ကြိတ်ပြီးလက်သိပ့်ထိုးတော့
နီကြောင်ကြောင်
လက်ဆောင်တွေသာရလိုက်တယ်။

တတ်နိုင်ပါထူးလေ
ငါက
မြွေတကောင်လို
အရေခွံမှ မလဲနိုင်သေးတာ
ရတာလေးနဲ့ 
ရွာလည်လိုက်အုံးမယ်။


ခရီးသည်ကြီး ၏ ခရီးသွားအတွေ့ အကြုံ။

Saturday, April 3, 2010

ရေခဲမှန်စများ

တောကစားတတ်တဲ့
မင်းရဲ့ အသွေးအသား
လှဲ့ စားခြင်းလေနီကြမ်း
ရက်စက်မိုးရမ်းတွေနဲ့ 
အကြင်နာမဲ့စွာ
ငါ့အပေါ်
လူစိတ်ကင်းကင်းနဲ့ ရွာချ
နှလုံးမဲ့လှချည်လား
အသဲမဲ့မိန်းခလေးရယ်။

စပါးကြီးမြွေတကောင်ရဲ့
ညို့ အားအပြည့်မျက်လုံးများနဲ့ 
ပြိုးပြိုးပျက်ပျက်
လင်းလက်နေတဲ့
မင်းမျက်လုံးတွေအောက်
ငါ့အတွက်
လောကကြီးအလင်းပျောက်သွားခဲ့။

မင်းရဲ့ 
မာယာနွံရှင်နက်နက်
ငါရုန်းရင်းနစ်နေခဲ့
မင်းအကိုင်းအခက်အသစ်အတွက်
ငါအဟောင်းဖြစ်သွားလဲ
အလင်းပျောက်မျက်လုံးတွေနဲ့ ငေးမောနေဆဲ
မင်းထားရစ်ခဲ့ပါ
မင်းထွက်ခွါသွားပါ
မင်းစွန့် ပြစ်သွားပါ
နောင်တဆိုတာ
မင်းအတွက်မှမဟုတ်ပေပဲလေ။

ယန္တယားဆန်လွန်း
အစွမ်းထက်မြက်မှုမျိုးနဲ့ 
စကားချွန်ချွန်ထက်မြက်မှုတွေက
ထိရှပွန်းပဲ့လိုက်တာ
ငါ့အသဲ
ငါဘဝ
ရေခဲမှန်တစလို
အစိတ်စိတ်အမွမွ
ကျကြွေကွဲရှလိုက်တာ
နောက်တခါအလွမ်းဖို ဖို့ 
အပိုင်းအစတချို့ တောင်
မကျန်တော့ပါဘူးကွယ်။

ခရီးသည်ကြီးခရီးသွားရင်းခရီးလမ်းပေါ်ကကြားခဲ့တာလေးပါ။

Friday, March 26, 2010

ပိတောက်တခက်နဲ့  ဆုတ်ခွါခဲ့တဲ့ငါ

မြေသင်းရနံ့ 
ထုံဝေပြန့် စေဘို့ 
နွေဦးမိုးက
မတိုးတတိုးလေး
ဆွတ်ဖြန်းရွာစွေ
ငါလေရယ်မောလို့ 
ပိတောက်တွေဆွတ်ခူး
ရွှင်မြူးလို့ ပေါ့။

စူဠသုဘဒ္ဒါ
ငါမဟုတ်ပါပဲ
ခါချဉ်ကောင်တွေ ငါ့မျက်နာမှာခဲလို့ 
စွတ်ပဲကိုက်ခဲကြ
မျက်နာမလှတော့ပေမဲ့
သံလျှက်ဖူးတ၀က်
ပွင့်ချပ်တ၀က်
ပွေ့ ဖက်ရင်းပြေးလွှား
ချစ်သူထံပါးဆီကိုပေါ့။

ဒါပေမဲ့လေ
ခလုပ်မထိ
ဆူးလဲမငြိပါပဲ
ကံကြမ္မာဇောက်ထိုးဆွဲလို့ 
ဟတ်ထိုးလဲခဲ့တာငါ။

ကိုယ့်ထက်ဦးသူက
ကိုယ့်ချစ်ဦးသူကို
ပိတောက်ဦးတွေဆင်လို့ 
ငါ့ရင်မှာလဲ ကျင်လို့ ။

မေတ္တာပြည့်အသဲနဲ့ 
သစ္စာကြယ်လေးငါ
မင်းရဲ့အကျင်နာ
လရိပ်အောက်မှာ
ယာယီခိုမှီခွင့်ရခဲ့
ခုတော့လေ
မျက်နာရောင်ဖူး
ပိတောက်ဦးနဲ့ 
လေးတွဲ့ ခြေလှမ်း
သောကလမ်အတိုင်း
အနောက်ဖက်ကိုဆုတ်ခဲ့ပြီ။

လမ်းအခွဲမှာ
ဝမ်းမနည်းချင်ပေမဲ့
ငါက
သက်မဲ့လူသားမဟုတ်လေတော့။


ခရီးသွားရင်း သူငယ်ချင်းစကားလုံးကို ကျွန်တော်သီကုံးမိတာပါ။

ငါ့ရင်ပြင် တုန်ဟီး

ကောင်မလေးရေ .....
မင်းရဲ့ 
နီတတနှင်းဆီရောင်
လေးကိုင်းနုတ်ခမ်းလွှာက
ရုန်းကြွရှေ့ ရှု
ဒြပ်မဲ့စုမျှားတံတွေ
င့ါ ရင်မှာစုခဲစိုက်
မူးမိုက်လောက်အောင်
ဝေဒနာတွေတည်စေခဲ့။

လက်တဆုပ်ရေကြည်
တည်နေပါလို့ 
ငါမဆိုချင်ပါဘူး
လှုပ်ရှားမှုနဲ့ တုန်ခါမှု
ဂဟေပြုနေကြလေတော့။

ကောင်မလေးရေ.....
ငါမပိုင်တဲ့ကံကြမ္မာကို
လာဒ်ထိုးတောင်းပန်လို့ ရရင်
ရေခဲမှန်တချပ်
ကျကွဲသွားသလို
ငါ့ ရင်တွေမကွဲပါရစေနဲ့ ပေါ့။

ခုတော့မင်းပြောခဲ့စကားသံ
အဖန်ဖန်ပဲ့တင်
ငါရင်ပြင်တုန်ဟီး
မီးတောင်ကြီးတခုလိုပါပဲကွယ်။

ခရီးသည်ကြီး၏ ရင်ဘတ်ကျကွဲသံမဟုတ်ရပါ။

တမ်းတမိတဲ့ အကြည့်လေးတချက်

ချစ်ရတဲ့သူရေ
မင်းဟာ
ငါ့ဘ၀မှာ
နေ့ နေ့ ညည
အရိပ်ကျနေပါလားကွယ်။

ငါ
မင်းရဲ့ အပေါ်
စွဲလမ်းမိခြင်းက
ခြစ်ခြစ်တောက်ပူပြင်း
အိုးကင်းပေါ်ကျမိတဲ့
သားတစ်တတုံးလို
ခွါမရလောက်အောင်
စွဲမက်ကပ်ငြိခြင်းမျိုးနဲ့ ပေါ့။

ငါလေ
မင်းအတွက်
မုန်းဖို့ ကျိုးစားမိတဲ့
စိတ်ကိုတောင်မုန်းမိတယ်။

မင်းရဲ့ သန်လျက်နုတ်ခမ်းက
အမုန်းခွန်အားတွေနဲ့ 
ပစ်ပေါက်လိုက်တဲ့
စကားချွန်ချွန်ဒါးသွားတွေ
မေတ္တာစွမ်းအား
ကြီးမားလှတဲ့
ငါ့အပြာရောင်အသဲပြင်
အစီအရီစိုက်ဝင်သွားပါစေ
အချစ်ဆုံးပေးတဲ့အမွေမို့ 
တမလွန်ဘ၀တိုင်
ထွေးပိုက်သိမ်းဆည်းသွားပ့ါမယ်။

ငါ့ရဲ့ 
အသဲဝေဒနာတွေ
မပွင့်ပဲကြွေခဲ့ရတယ်
ကံကိုပဲငြိုးရမလား
ငါကပဲ အရုပ်ဆိုးလို့ လား။

မင်းလေးက
အမျက်ထွက်လို့ 
ရက်စက်ရင်တောင်
ပါရမီဖြည့်ဖို့ 
လည်စင်းဝံ့သူပါ။

မဆုံးသေးတဲ့
သံသရာတကွေ့ မှာ
ကံကြုံလို့ မင်းနဲ့ ပြန်ဆုံဖြစ်ရင်
မင်းရဲ့ 
အကျင်နာ တစက်
အကြည့်တချက်ရရင်
ဖြည့်ချက်ပါရမီ
ပြည့်စုံပါပြီကွယ်။


ခရီးသွားရင်း သူငယ်ချင်းဖြစ်သွားတဲ့ သူငယ်ချင်းတယောက်ရဲ့ရင်ဘတ်ကျကွဲသံတွေပေါ့။

ဒေါင့်များစွာထဲက ငြိမ်းချမ်းခြင်းအတွက်

မင်းဒေါင့်က မင်းမှန်
အနားမညီတဲ့
ဒေါင့်မှန်တွေရဲ့ ကြား
မင်းမှန်ပိုင်ခွင့်ရှိပြီးသားပါ။

အဖြူ ကလဲမှန်
အမဲ(မည်း) ကလဲမှန်
အရှည် ကလဲမှန်
အတို ကလဲမှန်
အပိန်ကလဲမှန်
အ၀ ကလဲမှန်
ပုတ်အဲ့အဲ့အနံ့ ကလဲမှန်
မွှေးကြူကြိုင်လှိုင်တဲ့အနံ့ ကလဲမှန်
လောက်ဇူး ကလဲမှန်
သေးလီ ကလဲမှန်
ကွန်ဖြူရှပ် ကလဲမှန်
ပိုက်သဂိုရပ် ကလဲမှန်
အိုင်းစတိုင်း ကလဲမှန်
ဗြောင်းဆန်အောင်မှန်
ရုန်းရင်း ဆန်ခတ်မှန်နေကြားထဲ
ဇာတ်ဝင်ခန်းများစွာနဲ့ 
ဇာတ်ဆရာရဲ့ ဇာတ်ကွက်အတိုင်း
တခန်းဝင်တခန်းထွက်
တဇာတ်ပြီးတဇာတ်က
နေ့ ညတွေ ဟိုး မှာကျန်ခဲ့။ ။

နေရာပေါင်းများစွာ
သက္ကရာဇ်ပေါင်းများစွာ
စရိုက်ပေါင်းများစွာ
ကရင်း ပြရင်း
တရက်ခြင်း အသက်ရှည်
ကြာလာတော့
ကိုယ်ပိုင်စရိုက်
ခလုပ်တိုက်ပြီးပျောက်ဆုံးခဲ့
နောက်ဆုံးတော့ နီးရာစရိုက်နဲ့ 
အသက်ရှင်ရင်း
နေထိုင်ရင်း
ကြီးပြင်းရင်း
-------ရင်း
ဘ၀နဲ့ ရင်းပြီး
ငြိမ်းချမ်းခြင်းမြေတကွက်
ဝယ်ဖြစ်သွားတယ်။ ။

အကိုကြီး(ကိုသောင်းဟန်)အားရည်စူးပါ၏။

Sunday, March 21, 2010

ကိုယ့်တီးလုံးနဲ့ လမ်းလျှောက်ခြင်း

တောက်တဲ့နဲ့ 
တစ်တေတူးတို့ ကြား
ဥဩငှက်အလားဖြစ်လိုက်ချင်ရဲ့ 
တခါတလေ
ပုတ်သင်ညိုဖြစ်လိုက်ချင်ရဲ့ 
ကိုယ့်တီးလုံးနဲ့ ကိုယ်
ကခုန်တတ်တဲ့ ဖါးဂုန်ညှင်းဖြစ်လိုက်ချင်ရဲ့ ။

မနက်ဖြန်အတွက်စဉ်းစားရင်း
ငါဖျင်းဖျင်းလာခဲ့
ငါ့ခြေတောက်နှင့်ငါလမ်းလျှောက်ရင်း
သူ့ ခရီးကိုရောက်ရောက်သွားခဲ့
ငါ့ဦးနောက်ငါစဉ်းစားရင်း
သူ့ ဆုံးဖြတ်ချက်ကို
ခေါင်းငြိမ့်ထောက်ခံရခဲ့
ဤကိုကျွဲလို့ 
အသံထွက်ဖတ်ပေးရခဲ့
ဒါလောကရဲ့ 
မျက်လည့်လေလား
လိုအပ်ချက်လေလား
ပေါ့ပါးပျော်ပါးရင်း
လွှင့်ပါးလာလိုက်တာ
ကြက်သွန်ခွံလောက်ကျန်
အနေထားအမှန်ကိုသိလိုက်ရတဲ့အချိန်
ရေတိမ်မှာနခေါင်းမပေါ်တပါ်။

နောင်တတွေကို
ခရေလိုသီကုံး
မမလေးကပြုံးနိုင်ပေမဲ့
မောင်လေးငါက
အနာတရကျီးကန်းတကောင်လို
အသံမြည်လိုက်ချင်ရဲ့ 
ငါကိုယ်ငါပဲထုဆစ်ရမပေါ့။

မမှန်တဲ့အချိန်ကိုစစ်ကြည့်
မှားချိန်ကများလိုက်ပါဘိ
နေမင်းကြီးတောင်ညိုရီရီ
စိတ်ကြေးစည်
ဓမ္မတေးမြည်ဘို့ ဆိုပေမဲု့
သေချာတာက
ငါ့တရားနဲ့ ငါ
သေရာသွားရမှပါ။

Sunday, March 14, 2010

ကာရန်မဲ့ ဘဝ

ပုဒ်ထီးပုဒ်မ
ပုံက မကျ
သတ်ပုံပျက်ယွင်း
လောကဓံအသင်းနဲ့ 
ဘ၀ကိုစစ်ခင်းရင်းရေးပြရတာ
အားနာမိတယ်
ခင်ဗျားတို့ ရယ်။

မြင့်မိုရ်ထက်က(၂)

သားရဲ့ တင်ပါးကို
ပုတ်ခါပုတ်ခါ
အိပ်ပါတော့လူကလေး
အဖေ့တေးတွေနဲ့ 
သားအိပ်စက်ခဲ့ဖူးပြီးပြီ အဖေ။

အမှန်တရားတွေသွန်သင်
အိပ်ရာဝင်အိပ်ရာထ
နေ့ နေ့ ညည
ပြတ်သားတဲ့
အဖေ့သြ၀ါဒတွေ
သားသင်ယူခဲ့ဖူးပြီးပြီ အဖေ။

ကျွေးမွေးသုတ်သင်
ပဲ့ပြင်ဆုံးမ
လူလုံးလှအောင်
ထုဖဲ့ခုတ်ထွင်
အပြစ်စင်အောင်
သာကိုပုံသွင်းပြုပြင်ခဲ့သောအဖေ။

လောကဓံနဲ့ စစ်မက်
အခက်ခဲကိုအံတု
ထုထည်ကြီးမား
မဟာတံတိုင်းကြီးအလား
အဖေ့ မေတ္တာတရားတွေ။

ကျောက်သားကမ္ဘားရံ
တောင်နံယံလဲ
မိုးဒါဏ်လေဒါဏ်၊ ဥတုဒါဏ်ကြောင့်
ထိမှန်ပဲ့ကျ၊ မြေခရလဲ
ဖခင်အချစ်၊ မေတ္တာနှစ်ကား
မြေသားတမုန့် မျှပင်
မပွန်းခဲ့တဲ့အဖေ။

ကိုယ်စိတ်ညီမျှ
လောကကိုအလှဆင်နိုင်ပါစေ
မြင့်မိုရ်ထက်က ချစ်ဖေဖေ။


အဖေ ဦးစိုးမြင့်(ကျောင်းဆရာ) အားရိုသေစွာဦးညွှတ်ကန်တော့လိုက်ပါ၏ ။

မြင့်မိုရထက် (၁)

အဝေးရောက်နေတဲ့သား
ရိုသေ၀တ်တွားကာ
နဖူးလက်တင်
ထိငါးအင်ဖြင့်
ရှိခိုးကတော့ပါ၏။

ကိုယ်စိတ်ညီမျှ
ကျမ္မာပါစေ..အမေ။

အမေ့ချစ်ခြင်းထိုထို
ဗြဟ္မာစိုရ်များ
ဝေါဟာရအားဖြစ်သာ
ဖေါ်ကာပြ
အနှစ်သာရ
သဘောသဘာဝ
ဖေါ်ထုပ်ရေးသား
မစွမ်းတဲ့သားကို
ခွင့်လွှတ်ပါအမေ။

ကိုယ်စိတ်ညီမျှ
လောကကို အလှဆင်နိုင်ပါစေ
မြင့်မိုရ်ထက်ကချစ်မေမေ။

Tuesday, March 9, 2010

အဖိုးအို နှင့် သစ်ကိုင်းခြောက်

သစ်ကိုင်းခြောက်လေးက အနက်
မီးသွေးလည်းဖြစ်ရော
သစ်ကိုင်းခြောက်လေး အဖြူ
အူတူတူ ငနဲကမေး
ဖိုးလေးဒီလုံး
အဆုံးအစ
ဘယ်ဒင်းကို ကြည့်ပြောသလဲဗျ
အဖိုးအဖြေ
-------------------ပေါ့ကွတဲ့။

ဆရာအချို့ ရဲ့ စကားလုံးတချို့ သုံးစွဲထားပါသည်။

Sunday, March 7, 2010

ရင်မှာရွာသော.မိုး....

အားကောင်းမောင်းသန်
ဗြောင်းဆန်အောင်ကြီးထွား
မင်းရူပါရုံများနဲ့ 
ကျဲစိုက်သွားတဲ့ ပန်းတခင်း
ငါ့ရင်တွင်းမှာ
သင်းသင်းကြိုင်ကြိုင်
ဖက်ပြိုင်သူကင်းလို့ ပေါ့။

မတူမတန်
အယူမမှန်
တယူသန်အစွဲနဲ့ 
မာန်မဲငေါက်ငန်း
ခပ်ကြမ်းကြမ်း
လျှောက်လှမ်းသွားတဲ့မင်း။

ငါမပိုင်တဲ့ ကကြမ္မာကို
စစ်မကြေညာတော့ပါဘူး။

ဥပက္ခာဆန်တဲ့၊ အက်စစ်မိုး
ငါ့ရင်ထဲမှာ
ဝုန်းဒိုင်းကျဲ ရွာသွန်းဖြိုးလဲ(လည်း)
လက္ခဏအသဲနဲ့ 
ရင်ထဲကြိတ်မှိတ်
သည်းခံစိတ်နဲ့ ဆက်ချစ်နေမယ်။


သွားရင်းလာရင်း
သူငယ်ချင်းတယောက်ရဲ့ ခိုတကောင်လိုအသံကိုဘာသာပြန်ထားတာပါ။

Saturday, February 27, 2010

ကောင်မလေးရေ

ကောင်မလေးရေ
မင်းမပေးပေမဲ့
ငါ ပိုင်ဆိုင်စွာရလိုက်တယ်။

မင်းရဲ့ သစ္စာတွေက
ငါ့အတွက်
အသဲဟက်တက်နဲ့ 
သွေးကြောတလျှောက်
ခုန်ပေါက်ဒုန်းစိုင်း
စက္ကန့် တိုင်းလိုလို
အာရုံသိဝေဒနာတွေပေါ့။

ကောင်မလေးရေ
သမုဒယဆိုတာနဲ့ 
ငါကမင်းအပေါ်
အရေပျော်ဝင်ရင်း
ယုယုယယအမြစ်တွယ်ခဲ့တဲ့
ငါ့ရဲ့ သံယောဇဉ်
မင်းကိုအပြစ်မမြင်ပါဘူးကွယ်။

ငါနဲ့ မနက်ဖန်များစွာ

ဘ၀ရဲ့ စာမျက်နာများကို
လက်တံမပါတဲ့နာရီက
တူတလက်ရဲ့ လက်ကိုင်ရိုးပါးသလို
လုံးပါးပါးရင်း ပျောက်ရှုံး
နောက်ဆုံးတော့
အပွန်းအပဲ့ဒါဏ်ရာသာကျန်ခဲ့တယ်။
Photobucket
ကောင်းကင်စွန်ဖျား
ပျံသွားနိုင်တဲ့
မင်္ဂငှက်ရှစ်ဖေါ်
သိပါသော်လည်း
ငါနဲ့ မတော်
ချော်ချော်ပြီးကျရ
တဘ၀တောင်မကတော့ဘူး။

ဆန္ဒက
အပေါင်းနဲ့ ပေါင်းချင်
ဘ၀က
အနုတ်နဲ့ ပေါင်းခံရ
သိလိုက်တာက
ပေါင်းနုတ်မြှောက်စား
သူတို့ ကြားထဲ
ငါ
သတ္တုမြွေတကောင်လို
လရောင်ကိုအဖေါ်ပြု
အမှောင်ထုကိုအံတုရင်း
မဆုံးသေးတဲ့ခရီးပြင်းတခု
ဂျုံးဂျုံးဂျက်ဂျက်
ရှူးရှူးရှဲရှဲ
အော်ဟစ်ရင်း
မာန်တင်းရင်း
ချီတက်ရင်းဖြင့်
ငါနဲ့ မနက်ဖန်များစွာ။

Tuesday, February 23, 2010

အလင်္ကာဆန်သောပန်းများ

ဥတုနို့ ရည်
သောက်စို့ တည်ကာ
နေခြည်ကြွရွ
ဖူးပွင့်လှသည့်
ရောင်နီလှဖြင့်
လှပဝေဆာပန်းတို့ ကမ္ဘာ။

ပင်ယံမြင့်ထက်
တင့်တယ်ရောင်စုံ
အငုံအဖူး
ဝတ်ရည်မြူးကြွ
လောကအလှဆင်မြန်းနေ။

လေသရမ်းလည်း
ကြမ်းထမ်းယုတ်စွ
ရိုးတံကျသည်
ဘ၀နိဂုံး
ဆုံးရှုံးပျက်ယွင်း
ပန်းခင်းလည်းကြွေ လိပ်ပြာလေ။

ခရီးဆန့် ရင်း တွေ့ ခဲ့တဲ့ပန်းခင်းလေး။

လောက ချားရဟတ်ပေါ်မှာ

အသက်ကလေးရှူ
ငါ လူတယောက်ဖြစ်တယ်
ဒါ
အဖေ-အမေ
အသေချာပေးတဲ့အမွေ
ဒီလိုနဲ့ 
အဖေ-မေ
ဆုံးမထုဆစ်
သက္ကရာဇ်တွေ
ရေတွက်ကြည့်တော့
ပြက္ခဒိန်တွေက
လေးဆယ့်နှစ်ကြိမ်တောင်
ပန်းဝင်ပြီးသွားပြီ။

အဲ
လမ်းချော်ပြီး
တမင်တကာ ရောက်လာတဲ့
ကံကြမ္မာ
မညှာမတာ
အဖေနဲ့ အမေကိုမှ
ရွေးထုပ်ယူငင်
မရဏသခင်ဆီပို့ 
ငါ့-ဘ၀မှာမုန်တိုင်းဆင်လို့ ပေါ့။

ဝန်းကျင်
ဘေဂဗေဒဆန်တဲ့လင်းလက်မျက်လုံးများ
သံတမန်ဗေဒဆန်တဲ့တွန့် လိမ်အပြုံးများ
အတိဿယပြောင်မြောက်တဲ့စကားလုံးတွေကြား
အမေ့သား-မျက်နာဖုံးတပ်ရတာညောင်းတယ်။

မိတ္တဗလဋိကာ
မလေ့လာမိတဲ့သား
ပေါင်းနုတ်မြောက်စား
လူတွေကြားထဲမှာ
အချိန်ရေတိုက်စားလို့ 
ပြိုသူပြိုလဲသူလဲ
နစ်ခဲ့သူတွေကမနည်း။

ကျင်လည်နေရတာက
ကိုယ်ရည်သွေးတီးလုံးတွေနဲ့ 
ကခုန်နေကြသူတွေ။

တကယ်တော့
ပခုံးနှစ်ဖက်နဲ့ လူ
နှခေါင်းနှင့်အသက်ရှု
အတူတူပါပဲ
ခေါင်း(ဂေါင်း)မော့ ခါးထောက်
ဖနောင့်မြောက်ကြွ
မာန်လျှော့ကြဖို့ ကောင်းတယ်။

မွေး နေ သေ ကြ
တြိဂံဘ၀ကို
အနူးညံ့ဆုံး
ရီသံအသစ်တွေနဲ့ 
မနက် မျက်နာသစ်တိုင်း
နှလုံးသားတွေကို
သန့် စင် သုတ်သင်ဘို့ ကောင်တယ်။

Monday, February 15, 2010

နှစ်ဆယ့်ငါးနှစ်ကျော်ရွှေရောင်ညနေခင်း

ဆည်းဆာရွှေအို
တေးဆိုနုတ်ဆက်
ပွေ့ ဖက်တို့ ထိ
နူးအိတဲ့လေညင်း
ရနံ့ သင်းသင်းဆောင်လာတယ်။

ဆောင်းပျိုလေနု
ကယုကယင်
ရွှေရင်လှုပ်ခတ်
ယိမ်းကတတ်တဲ့စပါးခင်း
ရွှေအဆင်းနဲ့ တမျော်တခေါ်
အနာဂါတ်ကိုမျော်နေလေရဲ့ ။

ကြွရွခြေလှမ်း
ရွလယ်လမ်းက
အေးချမ်းတဲ့မျက်နာ
သာယာတဲ့အသံနဲ့ 
ဒို့ ရွာရှေ့ ဖျား
ငြိမ့်ညံညံပေါ်လာ
ကမ်းနားစပ်မှာရေခပ်ဆင်းကြ
ယမင်းပျိုတတွေ
သီချင်းဆိုရင်းပျော်ရွှင်နေ။

ရွာအလှသာယာစွ
ကမ္ဘာအလှအေးမြပေါ့
ဒို့ ရွာအဆင်းမြမြက်ခင်းနဲ့ 
ရွှေဝင်းရွှေအိုတေးဆိုတသင်း
ပျော်ရင်းလှုပ်ရှား
တအားသစ်နဲ့ ရွာမြေကို
သာစေရာမှကမ္ဘာလှအောင်
စွမ်းဆောင်နေ။

စက္ကန့် အမျှပူမိခြင်း

မီးကိုထိ-ရှိ
ပူမိပြီဗျို့ ။

Photobucket

ခရီးသွားရင်း မမြင်ရတဲ့ မီး လောင်နေသူတချို့ တွေ့ မိလို့ ပါ။

အာကာသမဲ့ပျံသန်းနေမိခြင်း

တဏှာဆိုတဲ့အိမ်ထဲ
အ၀ိဇ္ဖာလက်တွဲရင်း
အတ္တအချို့ နဲ့ မာနရောစပ်
လောဘတွေကို
တခွက်ပြီးတခွက်မျိုချ
ဒေါသအမြည်းကိုကောက်စား
မူးရစ်ခြင်းနဲ့ေ၀၀ါး
မှားလားမှန်လား
ငါ စဉ်းစားရင်း
ဥပဒေရဲ့ အပြင်ဖက်
ထွက်ထွက်သွားမိ
ငါ .........တွေ့ လိုက်
ငါ .....ပျောက်လိုက်
ငါ .....ပြန်တွေ့ လိုက်
ငါနဲ့ ငါကြား
ဗျာများနေသောငါ။

ဒီလိုနဲ့ 
နေမင်းရဲ့ ခြေရာတွေရေတွက်
မေ့လျော့ခြင်းတွေကမကြာခဏဖြစ်။

ဒါပေမဲ့
အဆုံးမဲ့ကောင်းကင်ထဲ
ကြယ်ငှက်တွေကပျံသန်းနေဆဲပဲ
သက္ကရာဇ်တွေက
ကိုယ့်ပန်းတိုင်ကိုယ်ဝင်ကြ။

ငါသော်မှ.သတိကပ်
ဥာဏ်ဖြတ်လိုက်မှ
ခုနှစ်ဆယ်ဆိုတဲ့တွင်းထဲ
ပါးရေနားရေတွဲ
ကျိုးတိုးကျဲတဲသွားတွေနဲ့ 
တောင်ဝှေးဆွဲရင်းကျလို့ 
တလှမ်းကိုနှစ်ခါပြန်လှမ်း
တရားစခန်းသွားရင်ကောင်းမလား
အဆုံးစမဲ့ကောင်းကင်ကတောက်ပဆဲ
ကြယ်ငှက်တွေကလွတ်လပ်စွာပျံသန်းနေဆဲ။


ခရီးသွားဖေါ်တချို့ အကြောင်းလေးပါ။
(အတွေးသစ်မဂ္ဂဇင်း တွင်ဖေါ်ပြပြီးဖြစ်ပါသည်)

Sunday, February 14, 2010

ကောက်ကွေ့ စွာဖြောင့်တန်းနေမိခြင်း

အမေ
ကျွန်တော်လေ
အရောင်မဲ့စွာ၊ လင်းလက်ချင်ပေမဲ့
ကြိုးရှုပ်ရင်း
ကောက်ကွေ့ စွာဖြောင့်တန်းနေမိတယ်အမေ။


"ခရီးသွားရင်းတွေ့ မိလို့ ပါ"

မြေသင်းနံ့ ပန်းချီကားထဲမှာ

မိုးကောင်းကင်
ရွှေရင်ခွင်မှ
ပွင့်အံပြေကျ
ရွှေအိုအလှနဲ့ 
ကြွကြွရွရွ
ချယ်ဆင်သလျှက်
အလှပန်းချီ
မမှီဘယ်ဆေး
သာအေး တို့ ယာခင်းပေါ်မှာ။

ရွံ့ ညွန်နွံခွက်
နောက်ချေးဗွက်
ရွာ့ကျက်သရေဆောင်
မဲချိတ်မှောင်။

ကျေးလက်ရွာသား၊ လယ်လုပ်သား
မြေရဲ့ သမီးသား
မွေးဖွါးဆင်းသက်
သူတို့ ခြေလက်
ပြောင်လက်သမန်းဆီ
မြေဆီလိမ်းခြယ်
မြေဆီရနံ့ သင်း
မြေဆီတ၀င်းဝင်း
ဆင်းရဲတွင်းထဲက
ရုန်းကန်ရဘ၀---လှပ
မလုံတလုံခမောက်
နေခြည်ဖေါက်ဖြာ
ငါ့ မျက်နာမှာ
ညိုတကွက်ကြေးနီစက်နဲ့ 
ဆေးပန်းချီဖြစ်ခဲ့။

ယောက်မ......ရေ
ယောက်ဖ......ရေ
လာဟေ့ဆူညံ
လယ်ကွင်းလျှံအောင်
လွင့်ဖိတ်မြူးကြွ
တေးအလှနဲ့ 
ပျိုးထမ်းပျိုးသယ်
အရွယ်ရယ်စုံ
သာအေးတို့ ယာခင်း။

ပျိုးစပါး ဘယ်လက်
ညာဖြင့်ခွဲသင်
သုံး-လေး-ပင်
စိုက်ချမြေနုံး
မြှော့-တရုံးရုံး။ ။

Monday, February 8, 2010

အမှတ်တမဲ့သို့ မဟုတ် ကြိုးရှုပ်

ဟိုလူ
ကိုဖိုးတုတ်
ခလေးတအုပ်နဲ့ 
ကြိုးရှုပ်ရင်း တလှုပ်လှုပ်
ဒါနဲ့ 
မိုးချုပ်တော့မယ်။


ခရီးသွားရင်းတွေ့ ခဲ့ရတဲ့ ကိုဖိုးတုတ် အကြောင်းလေးပါ။

Sunday, February 7, 2010

အဖြည့်ခံ

Photobucket
ဝင်းမွတ်ဖြူစင်
လွင်လွင်ကျော့ကျော့
ခေါင်းမော့မာန်တင်း
လည်စင်းတင်းမာန်
မီးမြိုက်ခံ
အလျံမီးတောက်
ချေတောက်အောက်မှာ
အရည်ပျော်ကျ-ကျပါစေလေ
ပေးဆပ်ပါ့မယ်။

အမှောင်ပယ်ခွင်း
အလင်းပေးဝေ
မျှဝေသုံးလော့
ရွှင်ပြုံးလော့။

Sunday, January 31, 2010

ကိုယ်နဲ့ နှင်း

ဖွဖွရွရွ
လှပလွှင့်ကြွေ
ပုလဲခွံလေးတွေ
တဖ၀ါးခြင်း
ဖြေးဖြေးညင်းညင်း
မြေပေါ်ဆင်းသက်
မင်းလှရက်လေခြင်း။
Photobucket
ဒါပေမဲ့
ကိုယ်လေ
မတမ်းတချင်ဘူး
လာခြင်းထူးလို့ 
အရူးအမူး
အထူးပဲနှင်းကို
ကြောက်ရွံ့ နေမိတယ်။

ကိုယ်လေ
သေဖူးလို့ 
ပျဉ်ဖိုးလဲနားလယ်(လည်)နေပြီ
ပြန်ပြောင်းစဉ်းစား
မင်းကျီစားတာ
အတွေးကျော်
လမ်းချော်ပြီး
အန္တရယ်ခြောက်တွင်း
သက်ဆင်းခဲ့ဘူးရဲ့။

အသဲပြင်ထိုးဖေါက်
ချဉ်ဆီရောက်အောင်
မင်း-ကိုယ့်ကိုပြုစားတယ်
ကိုယ့်သွားနှစ်စုံ
အညာကဒိုးပုံနဲ့ 
စည်းချက်မြန်မြန်
ရိုက်သံမှန်လို့ 
အံသွားတချို့ တောင်
ကြွေကြလုရဲ့ ။

နှင်းရေ
မင်းကိုကိုယ်ကြောက်
နှင်းပျောက်တဲ့နွေ
ရောက်ပါစေလို့ 
တူးတူးခါးခါး
တမ်တရူးသွပ်မိတယ်နှင်းရယ်။

တကယ်တော့
နှင်းရဲ့ အလှဟာ
တောင်ဘက်ဝင်ရိုး
ကာလီဖိုးနီးယား
အဲဒီဘက်သွားရင်
နှင်းဟာ
အလှဘုရင်တပါးလိုကြွားစရာပေါ့။

လွမ်းလိုက်တာ

Photobucket
တပို့ တွဲလထူး
တောင်သူမြူးကြွ
မြူလွှလွှနဲ့ 
တဆယ့်နှစ်ရာသီ
အ၀င်တည်၏။

ဒီချိန်သာမယ
ရွာအလှဖြူ
ထမနဲ လှူကြ
ယွန်းကြမြူးကြွ
ရွာဦးကျောင်းမှ
တရားဓမ္မတွေနဲ့ ။

တွေးမဝ
ရေးရေးပြပြ
ဟိုး..တုံးက
ရွာရဲ့ အလှ
ခုများကြဘယ်လို
အတွေးပိုနေဆဲ။

တွေးဆဲငေးဆဲ
အလုပ်ဝင်ဘဲလ်(bell)
မြည်သံဆွဲတော့
လျှပ်တပျက်
ကြွေကျလွင့်ဖိတ်
ရွာလွမ်းစိတ်လေး
ပြန်ကောက်ပေးပါ
မတောင်းဆိုပါဘူး။

အဝေးနေတဲ့သား
သိန်းငှက်ရဲ့ တောင်ပံတစုံ
ငှားခွင့်ကြုံရင်
နွေးထွေးတဲ့ အမေ့ရင်ခွင်
ပျံသန်းလာချင်ရဲ့ ။

အို-အမေ
အဝေးရောက်တဲ့သား
လက်ဖ၀ါးယှဉ်ယှက်
နဖူးထက်တင်
ထိငါးအင်နဲ့ 
ရိုသေမာန်ကျိုး
ရှစ်ခိုးလိုက်ပါ၏ အမေ။ ။



အမေနှင့်အမေ ကျန်းမာကြပါစေ၊ တောင်ဆုချွေလိုက်ပါ၏။

Friday, January 29, 2010

အချိန်ရထား အနောက်ပြန်မောင်းမိခြင်း

ပင်လယ်များ
တောင်တန်းများစွာ၊ ဖြတ်ကျော်လာခဲ့
ကမ္ဘာအနောက်ခြမ်း၊ အိမ်မက်လမ်းဖေါက်
ရောက်လာသောမြီု့ ၊ ------တဲ့လေး။

ငါခြေချခဲ့
တခါတခါ၊ ပေါ်လာနေကြ
အနယ်ထချိန်၊ စိတ်မငြီမ်တော့
အိမ်လွမ်းတွေငေး၊ တရေးရေးမြင်
လွမ်းတေးသီကုံးမဆုံးတော့။

ဒီဇင်္ဘာမြူနှစ်
ခရစ္စမတ်ည၊ လကရွှန်းလဲ့
တိမ်ကင်းမဲ့စွာ၊ မိုးပြာကြယ်ပွင့်
စိန်ပွင့်ရိုးမှား၊ နဂါးငွေ့ တန်း
ခြယ်သန်းဖြူလွင့်၊ အပျိုစင်ည
သူ့ အလှတရား
စေစားရာက၊ အလွမ်းငွေ့ ငွေ့ 
ထိတွေ့ ငယ်ဘ၀၊ ပြန်မြင်ရ။

ကာလသားဘဝ
လသာညမှာ၊ ဘကြီးသာဖြိုး
သူမနိုးခင်၊ ထန်းတောဝင်ရောက်
ခိုးသောက်ခဲ့ရာ၊ ပျော်ပွဲပါပဲ။

ရွှမ်းရွှမ်းပပ၊ လပြည့်ညမှာ
ရွာတလင်းပြင်၊ အချင်းချင်းဝိုင်းဖွဲ့ 
ဆိုခဲ့သီချင်း၊ ရင်တွင်းဟစ်ဆို
အပျိုတသိုက်၊ ကြားလိုက်ပါစေ
မွှေးမြအချစ်၊ တေးဖြစ်စေခဲ့။

တခါတခါ
လမင်းပြာလဲ့၊ ချိန်းတဲ့နေရာ
ရောက်လာပေါင်းသင်း၊ သူငယ်ချင်းတို့ 
စစ်ခင်းငြင်းခုန်၊ သွေးခုန်မောလျှ
စကားစစ်ထိုး၊ လွမ်းမိုးနိုင်ယူ
ရုံးသူနိုင်သူ၊ မှိုင်သူမရှိ
ပျော်ကြပါ၏။

လပြည့်ဝင်းပ
ညအလှခံစား၊ စေစားရာက
အလွမ်းငွေ့ ငွေ့ ၊ ထိတွေ့ ငယ်ဘဝ
ပြန်မြင်ရပေါ့။

ပြည့်စေချင်တဲ့ ကိုယ်ဆုတောင်း

တိမ်လွှာအိပ်ငိုက်
လမိုက်တဲ့ည
အဲဒီၤခဏမွာ
ငါဟာမင်းအတွက်
ပိုးစုန်းကြူးလေးဖြစ်ချင်တယ်။

မိုးသက်မုန်တိုင်း
ပင်လယ်ရိုင်းမှာ
ငါဟာမင်းအတွက်
တလံ-တတောင်Photobucket
သစ်ပြားဘောင်လေးဖြစ်ချင်တယ်။

မတော်မသင့်
မင်းရေနှစ်ရင်
ငါဟာမင်းအတွက်
ဆွဲယူငင်ဖို့ 
ကောက်ရိုးတမျှင်ဖြစ်ချင်တယ်။

ဘ၀နိဂုံး
နောက်ဆုံးတချက်
ထိုထွက်သက်မှာ
ငါဟာမင်းအတွက်
အသက်ဆက်ဖို့ 
အောက်ဆီဂျင်တပွင့်ဖြစ်ချင်တယ်။

ချစ်သူရယ်
ကိုယ့်ဆုတောင်တွေ
မပြည့်လေသမျှ
ချစ်ရသူနဲ့ 
ဝေးဝေးမှာပဲနေချင်တယ်။