Sunday, May 16, 2010

လက်ပြနုတ်ဆက် သွားပါတော့

မိန်းခလေးရေ...
လေယူရာတိမ်းလို့ 
အလိုက်သင့်ကလေးယိမ်းတော့မှာလား
ရနံ့ ကသင်းသင်း
အသဲချွေစကားကတင်းတင်း
ကြင်နာခြင်းကင်းကင်းနဲ့ 
မင်းရက်စက်လေခြင်းကွယ်။

မိန်းခလေးရယ်
အလှဂုဏ်ဆိုတာတွေနဲ့ ပေါင်းပြီး
မင်းရင်ဘတ်ကသွေးတွေတောင်
နထင်ပေါ်မှာ
ဖနောင့်သံပြင်းပြင်း
ဘယ်သူနဲ့ များ
စစ်ခင်းနေသလဲကွယ်။

အပင်ပြောင်းတတ်တဲ့ မိန်းခလေးရေ
သက်တန့် အရောင်လို
မှော်ဆန်တဲ့
မင်းစကားလုံးတွေက
မင်းစားနေကြ
ယိုးဒယား သကြားလုံးလို
မင်းလျှာပေါ်မှာ
ပျော်ဝင်ပျောက်ဆုံးကုန်ပြီနော်။

နားလည်ပါပြီ
မိန်းခလေးရယ်
ရက်စက်တယ်ဆိုတာ
ဒါး(ဓါး)ထမ်းလူသတ်
လက်ညိုးဖြတ်မှ မဟုတ်တာ
သုဘဒ္ဒာအငြိုးနဲ့ 
သေနုထ္ထိုရ်ကိုတောတိုးစေပြီး
ဆင်ဖြူကြီးရဲ့ အစွယ်
နဒေါင်းသဖွယ် ပန်ချင်တယ်ဆိုတာ
တကယ်မှမဟုတ်တာ
လက်စားချေအညိုးနဲ့ 
ရက်စက်ခြင်း
နည်းဗျူဟာတမျိုးပဲမဟုတ်လားကွယ်။

မိန်းခလေးရယ်
ငါ့မှာ
ဆဒ္ဒန်လို စွယ်စုံမှမရှိလေတော့
အသဲပြင်မှ
နှလုံးသွေးနဲ့ ရင်းပြီး
ပြုစုယုယ
စိုက်ပျိုးခဲ့တဲ့
အချစ်ပင်လေးတော့
အညွှန့် ချိုးခံရပြီပေါ့။

တော်ပါတော့ မိန်းခလေးရယ်
လက်ကျန်အချစ်
အသစ်ပြန်ဖြစ်ဖို့ 
ဘ၀နေမညိုခင်
မြက်နုတ်ပေါင်းသင်
ငါ့အပင်လေး
လွတ်လပ်စွာ
ရှင်သန်ခွင့်ပေးပါတော့။

1 comment:

  1. ခရီးသည်ကြီး
    မိန်းခလေးကို ညွှန်းလှချည်လား
    စိတ်ခိုင်ခိုင်ထား

    ReplyDelete