Monday, December 6, 2010

ကောက် တွယ်မိတဲ့ ကြိုး

အပင် မမြင့်ကြီးပေါ်က
အခြေနေ အရ
ဝေ့၀ိုက်
လေအပင့်နဲ့ 
ကြွေလွှင့်ဝဲပျံကျလာတဲ့
ခရေ တစ်ပွင့်
အဖြူရောင်လွင့်ပါး
ပါးပါးလေး ၀ါနေငြားလည်း
ငါက
ဒီ ခရေလေးကိုမှ
ယုယစွာ
ကောက်ယူ တွယ်တာမိခဲ့။

တဦးနဲ့ တဦး
အကြင်နာတွေ ဖြူစင်
မြူမထင်တဲ့ သံယောဇဉ်
မင်းအနမ်းတွေနဲ့ 
စုတ်ချက်ပြင်းပြင်းရေးထိုးခဲ့တဲ့
ငါ့အသည်းပြင်ပေါ်က
သေရာပါ အမှတ်အသားတွေက
စိုစွတ်နေဆဲ
စိမ်းလန်းနေဆဲပဲ။

ခုတော့ ခရေ ရယ်..
အချစ်ဆိုတာကို မင်းက
ရွဲကုန်သည် ဇာတ်ထဲကလို
ပဲဝက်မျှတောင် မတန်ချင်တော့ဘူးကိုးလေ။

ခရေ..ရယ်
တကယ်ဆို
မင်းကို ယုယဖို့ 
သမုဒယတွေ
သုံးလွန်းမက လိမ်ပတ်
ငါ့ရင်ဘတ်ထဲက
နှလုံးရေကြည် ပတ်ပတ်လည်မှ
သွေးကြောတလျှောက်
မီးပဲ ထ ထ တောက်တော့မယ့်ဟန်မျိုးနဲ့ ပေါ့။

ခုဆို.ခရေ
ဒို့ နှစ်ယောက်သွေးသားနဲ့ 
တည်ဆောက်ခဲ့ အိမ်လေး
မင်းထွက်ပြေးသွားလဲ
ငါကတော့ ရှိနေဆဲပါ ခရေ။

စွဲစွဲလန်းလန်း
ချစ်တတ်တဲ့ ကိုယ့်လိုလူ
မင်း...ငြူစူလို့ 
တပင်အသစ် ထူသွားရက်တယ်နော်။

ချစ်ခရေ
မင်းလေးကျန်းမာပါစေ။

No comments:

Post a Comment