Sunday, December 12, 2010

အချစ်ဆုံးပေးတဲ့ အမွေမို့ ...

ဖြစ်ပျက်ရဲ့ အဆက်ဆက်
နုတ်ဆက်အသက်ကလေး
ဒီဘ၀က ထွက်ပြီးမပြေးခင်
ရင်တွင်းဖြစ်တွေ ပြောခဲ့ပါရစေ
ချစ်မိခဲ့ဖူးတဲ့ ခရေ..။

ဗေလုဝ နတ်စောင်းသံ
မကြားဖူးတာအမှန်ပါ ခရေ
ဒါပေမဲ့
ပျားရည်ကို ကျိုချက်
နှစ်တရာ စိမ်နှစ်ထားတဲ့
အချိုနက်နက်လို
မင်း စကားသံတွေကတော့
ငါ့နားစည်အမြှေးပါးတွေမှာ
ပျော့ပျောင်း မြူးတူး
ပလူးပလဲ ပနံသင့်နေပုံတွေ
စာဖွဲ့  မပြောပြတတ်ဖူး ခရေ။

ငါ ကံဆိုးခဲ့ပါတယ်
မင်းရဲ့အတွယ်တာမဲ့ 
ဥပက္ခာရင့်ရင့် အပြုံးတွေ
ငါ့ နှလုံးသွေးထဲ တိုးဝင် လည်ပတ်ကြခါမှ
ခါချဉ်ကောင် ရာထောင်မက
ကိုက်ခဲမှုနဲ့ နှိုင်းယှင်မိတော့တယ်။
ဒူးရင်းသီးဟာ
ချွန်မြတဲ့ဆူး များပေမဲ့
အတွင်းအသားချိုတယ် ခရေ
နူးညံ့တဲ့မင်းရဲ့အသားအရေအတွင်းမှာတော့
အက်စက်အဆိပ်ဆူးတွေ
ထိုးထိုးထောင်ထောင်ပြည့်နက်နေမှန်း
မင်းနဲ့ ချစ်မိတဲ့ တစ်လအကြာ
စက္ကူ ဖြူပေါ်မှာ
မင်းအမည်းတစ်စက် ကျသလို
ကွင်းကွင်းကွက်ကွက်
ထင်းထင်းရှင်းရှင်း
ငါမြင်ခွင့်ရတော့တယ် ခရေ။

ရေခဲဟာ ရေကလာပြီး
ရေပြန်ဖြစ်သွားလဲ
မင်းကိုချစ်ရခြင်းက
အချစ်ကလာပြီး
အမုန်းဆီခရီးပြင်းဆက်ရခြင်းအတွက်
ရင်နာရတယ်- ခရေ။

ရေတွက်ရန်ခက်ခဲတဲ့
မာယာတွေကို ကျကျနနထုပ်ပိုး
မေတ္တာအပုတ်အသိုး
အတွင်းသားရုပ်ဆိုးဆိုးကို
ပါးပါးလေးဆေးချယ်
ပရိယာယ်ကြွယ်တဲ့ မိန်းမလို့ 
မပြောရက်ဖူး- ခရေ။

ထုံထိုင်းမှုထူထူ
ကျောက်ဆောင်အငူတခုလို
မင်းအပေါ်သက်ဝင်မှုတွေက
ယုံကြည်ခိုင်ခံ့ခဲ့
ငါ ဘယ်သူကိုအပြစ်ဖွဲ့ ရမလဲ
ချစ်ရတဲ့ ခရေရယ်။

ဥပါဒန်နဲ့ စွဲငြိ
မင်းကို ချစ်နေဆဲအသိတော့
သေရွာအထိ
ယူသွားမိမှာပါ
ယူသွားခွင့်ပြုပါ ခရေ။

No comments:

Post a Comment